ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ၁၁း၄၅ အချိန် ACE ဟိုတယ်၌ ဗဟန်းမြို့မရဲစခန်း မယ(ပ)၂၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အမှုမှ တရားခံပြေး သီဟ(ဖြိုးကိုကိုတင့်ဆန်း၏ယာဉ်မောင်း)အားဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးအောက်တိုဘာလ ၁၆ ရက်နေ့ ၄း၃၀ အချိန်တွင် ဖြိုးကိုကိုတင့်ဆန်းပါ တရားခံ(၃)ဦးအားထပ်မံဖမ်းဆီးရမိပြီး ဒက္ခိဏမြို့မရဲစခန်း(ပ)၃၉၆/၂၀၁၇၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနေ့က ၈း၁၅ အချိန် သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၄၁)၊ရန်ကုန်(အရှေ့)၊ မှုခင်းရဲတပ်ဖွဲ့နှင့် သတင်းရဲတပ်ဖွဲ့တို့ပါ ပူးပေါင်းအဖွဲ့သည် သာကေတမြို့နယ်၊ ၁၀/တောင် (၁၃)ရပ်ကွက်၊ ရှုခင်းသာလမ်း မ/၂၀၀ရှိ ဖြိုးကိုကိုတင့်ဆန်းပိုင် ACE GROUP OF COMPANIES အဆောက်အဦးအား ဝင်ရောက်ရှာဖွေခဲ့ရာ နေပြည်တော် FC ဘောလုံးအသင်း မန်နေဂျာ ဖြိုးဘိုဘို၊ (၂၄)နှစ်၊ (၃၉)လမ်း၊ အလယ်ဘလောက်၊ (၈)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်၊ ACE ဟိုတယ် (နေပြည်တော်) လက်ထောက်မန်နေဂျာ စိုးမြင့်ကျော်၊ လုံခြုံရေးဝန်ထမ်း ဦးသန်းဌေးနှင့် ဟိုတယ်စားပွဲထိုး ငြိမ်းချမ်းအောင်တို့အား တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ိသိရပါတယ်။အဲ့ဒီနောက်မှာတော့ (၇)လွှာရှိ ဖြိုးကိုကိုတင့်ဆန်း၏ အိပ်ခန်းအတွင်းမှ သေနတ်ထည့် အိတ်(၁)အိတ်၊ စနိုက်ပါ မှန်ပြောင်း(၁)ခု၊ အရှည်(၁၅)လက်မခန့်ရှိ သေနတ်ပြောင်း(၁)ခု၊ စပရိန်ပါ လက်နက်ငယ် မောင်းတုံး (၁)ခု၊ နှစ်အိတ်တွဲ ကျည်ကပ်အသေးထည့်အိတ်(၁)ခု၊ ကော်ဖြင့်ပြုလုပ်ထားသည့် ကျည်အိမ်ထည့်အိတ် (၂ခုတွဲ)(၂)ခု၊ လက်ကိုင်စကားပြောစက် (၈)လုံး၊ အဝေးကြည့်မှန်ပြောင်း (၁)ခု၊ Drone(၅)ခုနှင့် ၎င်းတို့အား မောင်းနှင်သည့် ကိရိယာ(၁)ခု၊ ရေချိုးခန်းအတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား(၈)ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ သံဘောစေ့ (၁၀၀) ပါ (၁) ဗူး၊ ၉ မမကျည်(၂)တောင့်၊ အိမ်သာခန်း မျက်နှာကျက်ပေါ်၌ သိမ်းဆည်းထားသည့် M-16 သေနတ်(၁)လက် (မောင်းတုံးမပါ)၊ သံဘောစေ့ဖြင့် ပစ်ခတ်ရသည့် M-4 ကာဘိုင် ပုံစံသေနတ်(၁)လက်နှင့် ဘောစေ့ထည့်ရသည့် ကျည်အိမ်(၁)ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၈း၀၅ အချိန် ဖြိုးကိုကိုတင့်ဆန်းနှင့် ဖြိုးဘိုဘိုတို့(၂)ဦး(ဖမ်းမိ)အား သာကေတနယ်မြေရဲစခန်းမယ(ပ)၂၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

၉း၁၅ အချိန်မှာတော့ ဗဟန်းခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု(၄၂)၊ ရန်ကုန်(နောက်)မှ ရဲတပ်ဖွဲ့ဝင်တို့ပါ ပူးပေါင်းအဖွဲ့သည် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ်(၇၀/တ)ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်အား ရှာဖွေခဲ့ရာ ၅.၅၆ ကျည် (၃)တောင့်၊ ဖြိုးကိုကိုတင့်ဆန်းအမည်နှင့် နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံ(၁)စုံ၊ နိုင်ငံတော်တံဆိပ်နှင့် အရိုးခေါင်းလက်မောင်းတံဆိပ်ပါ အနက်ရောင် လက်ရှည်အင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၂)လက်(တို ၁၊ ရှည် ၁)၊ စစ်စိမ်းရောင် သံလိုက်အိမ်မြှောင် (၁)ခု၊ လက်ကိုင်စကားပြော စက်(၁)လုံး၊ သေနတ်ချိန်သီး(၁)ခု၊ ကျည်ကာအင်္ကျီ(၂)ထည်၊ ကျည်အိမ်ထည့်အိတ်(၄ခုတွဲ)(၁)ခု၊ အနက်ရောင် လက်ကိုင်အိတ်(၂)လုံး၊ စကားပြောစက် ထည့်အိတ် (၁)ခု၊ WY စာတမ်းပါ စိတ်ကြွဆေးပြား (၂)ပြား၊ ICE ဟုယူဆရသည့် အမှုန့်များကပ်နေသည့် ကပ်ခွာအိတ်(၁)ခု၊ ခဲပြား(၉)ခုနှင့်မီးခြစ်(၃)လုံး၊ စိတ်ကြွဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး/ဖန်ပုလင်း(၃)လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၆း၁၅ အချိန်တွင် ဖြိုးကိုကိုတင့်ဆန်း (ဖမ်းမိ)အား ဗဟန်းမြို့မရဲစခန်းမယ(ပ)၄၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။

အလားတူ ၁၀း၃၀ အချိန် နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ စရဖ(နေပြည်တော်)မှ ဗိုလ်မှူး တင်အောင်လွင်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ မူးယစ်တပ်ဖွဲ့စု(၁၀၅)၊နေပြည်တော်(လေဆိပ်) မှရဲတပ်ဖွဲ့ဝင်တို့နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါ ပူးပေါင်းအဖွဲ့သည် ဟိုတယ် ACE အခန်းအမှတ် (H-1)အခန်းအတွင်းမှ မန်မိုရီစတစ်(၄)ချောင်း၊ ဟာ့ဒစ်(၁)ခု၊ ကွန်ပျူတာ System ပုံး(၃)ပုံး၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဝိုင်ဖိုင်လွှင့်စက်(၁)လုံး၊ X5R Reader (၁)လုံး၊ အသံဖမ်းစက်(၁)လုံးတို့အား ဆက်လက်တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဲ့ဒီနောက်မှာတော့ အောက်တိုဘာ ၁၆ ရက်နေ့ ၃း၅၅ အချိန် ဒက္ခိဏသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်ကျော်နှင့်အဖွဲ့သည် (၁၁၅) မိုင် ဖြူးအမြန်လမ်းမကြီးရဲစခန်း၌ ထိန်းသိမ်းထားသည့် ဂျိုးဇက်(ခ)စယောသ၊(၅၃)နှစ်၊ ACE အထွေထွေမန်နေဂျာ၊ ဒက္ခိဏသီရိမြို့နယ်နေသူပါ(၅)ဦး(ကျား ၄၊ မ ၁)တို့အား သွားရောက် ခေါ်ဆောင်ခဲ့ပြီး လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၌ စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - New Watch 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။