ဟာရီကိန်း မုန်တိုင်း Ophelia ဟာ အိုင်ယာလန်တောင်ပိုင်း ကမ်းခြေကို တနင်္လာနေ့ က ဖြတ်ကျော် ၀င်ရောက်ခဲ့တာကြောင့် လူပေါင်း သုံးဦး သေဆုံးသွားခဲ့ပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်တွေ ပြိုလဲ ခဲ့ပြီး၊ ပါ၀ါလိုင်းတွေ လည်းပြတ်တောက်သွားခဲ့ပါတယ်။ အမြင့် ၁၀ မီတာရှိတဲ့ လှိုင်းလုံးကြီးတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အိမ်ခြေပေါင်း ၃၆၀၀၀၀ ကျော် နဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှု နဲ့ ရင်ဆိုင်နေရတယ်လို့ အိုင်ယာလန် လျှပ်စစ်ပေးရေး ဘုတ်အဖွဲ့ကပြောကြားခဲ့ပါတယ်။

အိုင်ယာလန် ရဲ့ အဓိက လေယာဉ်ကွင်း နှစ်ခုဖြစ်တဲ့ Dublin နဲ့ Shannon မှ လေကြောင်း ခရီးစဉ် ၁၇၀ လောက် ပယ်ဖျက်ခဲ့ရပါတယ်။ လူနှစ်ယောက် ဟာ သူတို့ကားထဲမှာ ရှိစဉ် သစ်ပင်တွေပြိုလဲတာကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး နောက် တစ်ယောက်ကတော့ ပြိုလဲနေတဲ့ သစ်ပင်ကို ဖယ်ရှားဖို့ ကြိုးစားရင်း သေဆုံး ခဲ့တာပါ။ ယခု ဟာရီကိန်း မုန်တိုင်းဟာ ရာစုနှစ်ဝက် အတွင်း အိုင်ယာလန် ကို ရိုက်ခတ် ခဲ့တဲ့ အဆိုးဆုံး မုန်တိုင်းလည်းဖြစ်ပါတယ်။

ရေကြီးရေလျှံမှု တွေကို ကာကွယ်ရန် အတွက် အိုင်ယာလန် စစ်တပ် ကို အစိုးရမှ စေလွှတ်ထားပါတယ်။ အိုင်ယာလန် တစ်ဝှမ်း အများပြည်သူသယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတွေ၊ ဆေးရုံတွေ နဲ့ ကျောင်းတွေ ကို ပိတ်ထားရပါတယ်။ ရာပေါင်းများစွာသော လမ်းတွေဟာ ပြိုလဲခဲ့တဲ့ သစ်ပင်တွေကြောင့် ပိတ်ဆို့သွားခဲ့ပါတယ်။ မုန်တိုင်းဒဏ် ကြောင့် အဆောက်အအုံများ မှ အမိုးများလည်း လွင့်ထွက်သွားခဲ့ပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။