စိုက်ပျိုးရေးဝန်ကြီးက ဂျာမာန်နိုင်ငံရဲ့ ၀က်သားတင်ပို့မှုနှင့်ရှရှားရဲ့ ၀က်သားတင့်ပိုမှုကိုကိုနှိုင်းယှဉ်ပြရာမှာ စကားမှားခဲ့တာကြောင့် သမ္မတပူတင်က ဟက်ဟက်ပက်ပက်ရယ်မောခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားသို့ ဝက်သား တင်ပို့ ရောင်းချသည်ဆိုသော ဝန်ကြီးတစ်ဦး၏ စကားအမှားကြောင့် ပုံမှန်အားဖြင့် ခပ်တည်တည် နေတတ်သော ရုရှားသမ္မတ ဗလာဒီမာ ပူတင်တစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အစည်းအဝေး တစ်ခုတွင် နိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးရာ၌ ရုရှား စိုက်ပျိုးရေး ဝန်ကြီးက ဂျာမနီသည် အင်ဒိုနီးရှားသို့ ဝက်သားများ တင်ပို့နေကြောင်း မှားယွင်း ပြောဆိုမိခြင်း ဖြစ်သည်။

ဝန်ကြီး အလက်ဇန္ဒား ခါချော့ဗ်က ဂျာမနီနှင့် ရုရှားတို့၏ ပို့ကုန် ကိန်းဂဏန်းများကို နှိုင်းယှဉ်ပြကာ ပင်လယ်ရပ်ခြား ကုန်သွယ်မှု မြှင့်တင်သင့်ကြောင်း ထောက်ပြခဲ့သည်။ ၎င်းက “ဂျာမနီက သူတို့ဆီက ဝက်သားကို တင်ပို့ပါတယ်။ ဂျာမနီရဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင် တစ်နှစ်ကို ဝက်သားတန်ချိန် ငါးသန်းခွဲလောက် ထုတ်လုပ်နိုင်တယ်။ အဲဒီထဲက သုံးသန်းကို ပြည်ပတင်ပို့နေတယ်။ တရုတ်ရယ်၊ အင်ဒိုနီးရှားရယ်၊ ဂျပန်ရယ်၊ ကိုရီးယားရယ် စသဖြင့်ပေါ့”ဟု ပြောကြားခဲ့သည်။ 

ထိုအခါ ပူတင်က စကားဝင်ဖြတ်ပြီး “အင်ဒိုနီးရှားက မွတ်ဆလင်နိုင်ငံကွ။ အဲဒီမှာ ဝက်သားမစားဘူး”ဟု ပြုံးပြံုးရွှင်ရွှင် မှတ်ချက်ပေးခဲ့သည်။ ထိုအခါ ခါချော့ဗ်က ၎င်း၏ စကားအမှားကို သတိပြုမိသွားသော်လည်း “သူတို့ စားကြမှာပါ”ဟု အရွှန်းဖောက်ခဲ့သည်။ “ဟာ၊ မစားပါဘူး”ဟု ပူတင်က ထပ်မံ ငြင်းဆန်ပြီးနောက် ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေးမှတ်တမ်း ဗီဒီယိုမှာ ယခုသီတင်းပတ်တွင် ထွက်ပေါ်လာခဲ့သည်။

ခါချော့ဗ်က ၎င်း၏ စကားအမှားသာဖြစ်ပြီး တောင်ကိုရီးယားကိုသာ ရည်ညွှန်းကြောင်း၊ အင်ဒိုနီးရှားကို ဆိုလိုခဲ့ခြင်း မဟုတ်ကြောင်း နောက်ပိုင်းတွင် ပြန်လည် ဖြေရှင်းခဲ့သည်။ 

သတင်းအရင်းအမြစ် - 7 day daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။