ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ဖြစ်စဉ်မှာ စပါးအိတ်ပေါင်း ၂၆၀ တင်ဆောင်လာတဲ့ကားကို ဟင်္သာတခရိုင် အုတ်ပုံဂိတ်မှာ အသေးစိတ်စစ်ဆေးရာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

စပါးအိတ်များ တင်ဆောင်လာသည့် ယာဉ်ပေါ်တွင် ပုန်းအောင်းလိုက်ပါလာသည့် ဘင်္ဂါလီခုနစ်ဦးအား အောက်တိုဘာ ၁၈ ရက် ည ရ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။ ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ဇီးပင် ကွင်းကျေးရွာအုပ်စု အုတ်ပုံစစ်ဆေးရေးဂိတ်၌ စပါးအိတ်များ တင်ဆောင်လာသည့်ယာဉ်ကို စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

“စပါးအိတ်တွေနဲ့ရောပြီး တင်လာတာ။ စပါးအိတ် ၂၆၀ ကို အသေးစိတ်စစ်တဲ့အခါ ဘင်္ဂါလီ ခုနစ်ဦးကို တွေ့တာပါ။ ဒီရက်ပိုင်းမှာတော့ ကားတွေကို အသေးစိတ်စစ်နေတာ။ အုတ်ပုံဂိတ်ကနေကျော်ပြီး နောက်တစ်ဂိတ်မှာ စစ်ဆေးလို့တွေ့ရင် အုတ်ပုံဂိတ်ကို အရေးယူမယ်ဆိုပြီး စာထုတ်ထားတာ။ အဲဒီအခါကျတော့ အသေးစိတ် စစ်တာပေါ့။ စစ်တဲ့အခါ ဒီဘင်္ဂါလီတွေကို တွေ့တာပေါ့”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

အဆိုပါယာဉ်သည် ဘင်္ဂါလီ ခုနစ်ဦးအား စစ်တွေ-မင်းပြား-အမ်း-ပဒါန်း-ဥသျှစ်ပင် ကားလမ်းမှတစ်ဆင့် ပုသိမ်-မုံရွာကားလမ်းအတိုင်း သယ်ဆောင် မောင်းနှင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။

“သူတို့နဲ့ပတ်သက်လို့ သူတို့ကိုတစ်ဆင့် သယ်ပေးတဲ့ပွဲစားလည်း ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ အခုလောလောဆယ် မင်းပြားကို လှမ်းပြီး စစ်ဆေးနေဆဲဖြစ်လို့ နာမည်တို့ ဘာတို့ ပြောလို့ မရသေးလို့ပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂါလီခုနစ်ဦးနှင့် ဆက်စပ်တရားခံများအား ဥပဒေအရ အရေးယူနိုင်ရန်ဆောင် ရွက်လျက်ရှိသည်။ 

သတင်းအရင်းအမြစ် - eleven media group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။