ကိုယ်ဝန်တားဆေးကဒ်ကို သေချာစွာမသောက်သုံးခြင်းက မတော်တဆ ကိုယ်ဝန်ရဖို့အလားအလာရှိနိုင်တာကြောင့် ညွှန်ကြားထားတဲ့အတိုင်း နေ့တိုင်းအချိန်မှန်မှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ရရှိနှုန်းဟာ သောက်သုံးရန်ပျက်ကွက်တဲ့ဆေးလုံး ပမာဏ၊ သောက်သုံးရန်ပျက်ကွက်သည့်အတန်းနှင့် ဆေးသောက်ရန်ပျက်ကွက်နေသည့် အတောအတွင်း အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း စတဲ့အချက်တွေအပေါ်မှာ မူတည်နေပါတယ်။

တားဆေးကဒ်မှာ ပရိုဂျလ်စတင် (Progestin) နဲ့ အီစထိုဂျင် (Estrogen) ဟော်မုန်း (2) မျိုးပါသော တားဆေးနှင့် ပရိုဂျက်စတင် (Progestin) ဟော်မုန်းတစ်မျိုးတည်းပါသော တားဆေးဆိုပြီး နှစ်မျိုးရှိပါတယ်။

ရာသီစလာတဲ့နေ့မှစ၍ ဆေးစသောက်ပြီး ညွှန်ကြားသည့်အတိုင်း တစ်နေ့တစ်လုံးအချိန်မှန်မှန်သောက်ဖို့လိုအပ်ပါတယ်။ ပထမပတ်အတွင်း ဆေးသောက်ရန်မေ့သွားပါက ဆေးလုံးကိုသတိရရချင်း မေ့နေတဲ့ဆေးလုံးကိုသောက်ပြီး ကျန်တဲ့ဆေးလုံးကို ပုံမှန်အတိုင်းဆက်သောက်ပါ။ တစ်နေ့တည်းမှာ နှစ်လုံးသောက်ရမှာပါ။ အရံသန္ဓေတားနည်းဖြစ်တဲ့ ကွန်ဒုံးသုံးဖို့မလိုပါဘူး။

ဒုတိယပတ်အတွင်း ဆေးသောက်ဖို့ 2 ရက်ပျက်ကွက်ပါက သတိရလျင်ရချင်း ဆေး 2 လုံးတွဲချက်ချင်းသောက်ပြီး အရံသန္ဓေတားနည်း (ကွန်ဒုံး) ကို 7 ရက်ကြာအသုံးပြုပါ။ ကျန်တဲ့ဆေးတွေကို ပုံမှန်အတိုင်းသောက်ပါ။ 5 ရက်အတွင်း အမျိုးသားနှင့်အတူတူနေထားပါက အရေးပေါ်သန္ဓေတားနည်းကို ဆရာဝန်နှင့်တိုင်ပင်ပါ။

တတိယအပတ် (ဆေးလုံး 15 လုံးမှ 21 လုံးမြောက်) အတွင်း ဆေးသောက်ဖို့ 2 ရက်ပျက်ကွက်ပါက သတိရတဲ့အချိန်မှာ ဆေးတစ်လုံးသောက်ရမှာဖြစ်ပြီး ပုံမှန် သောက်နေကျအချိန်မှာ တစ်လုံးထပ်သောက်ရမှာ ဖြစ်ပါတယ်။ တတိယတန်းမှာပါဝင်တဲ့ ဆေးအားလုံးကုန်အောင် ဆက်သောက်ပြီး စတုတ္တတန်းမှာပါတဲ့ ဆေးလုံးတွေကို မသောက်ပဲ ဆေးကဒ် အသစ် စသောက်ပါ။ အရံသန္ဓေတားနည်းကို 7 ရက်အသုံးပြုပါ။ 5 ရက်အတွင်းမှာ အမျိုးသားနှင့် အတူတူနေထားပါက အရေးပေါ်သန္ဓေတားနည်းကို ဆရာဝန်နှင့်တိုင်ပင်ပါ။

နောက်ဆုံးအတန်းမှာရှိတဲ့ ဆေးလုံးတွေမှာ ဟော်မုန်းပါဝင်မှုမရှိတာကြောင့် ဆေးသောက်ဖို့မေ့သွား ပါကလည်း စိုးရိမ်စရာမရှိပါဘူး။ ဆေးကဒ်အသစ်ကို စတင်သောက်သုံးပါ။

ပရိုဂျက်စတင်ဟော်မုန်းတစ်မျိုးတည်းပါတဲ့ တားဆေးသောက်သုံးသူအနေဖြင့် ပုံမှန်သောက်နေကျ ဆေးသောက်ချိန်ထက် 3 နာရီကျော်သွားပါက ကိုယ်ဝန်ရနိုင်ချေမြင့်မားတာကြောင့် မေ့နေတဲ့ဆေးလုံးကို သတိရရချင်းအချိန်မှာသောက်ပါ။ ကျန်တဲ့ဆေးတွေကို ပုံမှန်အတိုင်းဆက်သောက်ပြီး အရံသန္ဓေတားနည်း (ကွန်ဒုံး) ကို 2 ရက်ကြာ အသုံးပြုပါ။ ငါးရက်အတွင်း လိင်ကိစ္စရှိခဲ့ပါက အရေးပေါ်သန္ဓေတားနည်းကို ဆရာဝန်နှင့်တိုင်ပင်ပါ။

Source: Dr. Htet Htet Aung (ww.drmyanmar.com) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။