မင်္ဂလာဆောင်တွင် အစာအဆိပ်သင့်၍ လူရာကျော် ဆေးရုံပို့ရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာ အုပ်စု၊ လျှော်ဖြူကုန်း ကျေးရွာတွင် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက မင်္ဂလာဆောင်၌ ဧည့်သည်များကို ထမင်းဖြင့် ဧည့်ခံကျွေးမွေး ရာကျေးရွာသူ ကျေးရွာသားများ အစာအဆိပ်သင့်ပြီး အော့အန်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

အဆိုပါမင်္ဂလာဆောင် ဧည့်ခံပွဲသို့ လာရောက်ကြသော ဇီးကနားကျေး ရွာ၊ လျှော်ဖြူကုန်းကျေးရွာ တို့မှ ကလေး ကျား ၃၈ ဦး၊ မ ၃၂ ဦး၊ လူကြီးကျား ၄၀ ဦး၊ မ ၂၂ ဦး စုစုပေါင်း ၁၃၂ ဦး အစာအဆိပ်သင့် မှုဖြစ်ပွား ခဲ့ပြီး လျှော်ဖြူကုန်းကျေး ရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျန်းမာရေး ဆေးခန်း ဖွင့်လှစ်၍ ချပ်သင်းတိုက်နယ်ဆရာဝန် ဒေါက်တာ ကျော်မျိုးအောင်နှင့် ကျန်းမာရေး ဝန်ထမ်း ၁၁ ဦး၊ကန့်ဘလူမြို့ ခုတင် ၁၀၀ ဆံ့ဆေး ရုံမှ လက်ထောက် ဆရာဝန်ဒေါက်တာ အုပ်စိုးလင်းနှင့် ကျန်းမာရေးဝန်ထမ်း ၅ ဦး တို့က လူနာများအား ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။

ယင်းအစာအဆိပ်သင့်မှုဖြစ်ပွားရာသို့ ကန့်ဘလူ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးသက်လွင်၊ မြို့နယ် စီ/ခန့် ဥက္ကဌ ဦးစိုးသန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မိုးမြင့်ဇော် တို့ကအနီးကပ်ကြီးကြပ်၍ ကိုးထောင်ဘို့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရဲကင်းစခန်းမှူးနှင့် တပ်ဖွဲဝင်များ၊ကျေးလက် ကျန်းမာရေး ဝန်ထမ်းများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ရာ ညနေ ၅ နာရီတွင်တစ်ယောက်မကျန် ကျန်းမာရေးကောင်းမွန် လာသဖြင့် ၎င်းတို့လိုရာသို့ပြန်သွားကြပြီဖြစ်ကြောင်းနှင့်အစာ အဆိပ်သင့်မှုဖြစ် ပွားစေခဲ့သော ထမင်းဟင်းများကို ထုပ်ပိုးပြီး ကျန်းမာရေးဌာနမှ ဓာတုဗေဒဌာနသို့ ပို့အပ်ထင်မြင်ချက်တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖြစ်ပွားရခြင်းမှာ ဧည့်ခံကျွေးမွေးသော ပဲပြုတ်သည် နှစ်ချို့ပဲများဖြစ်ပြီး တာရှည်ခံဆေးများ ဖြန်းထားပြီး ရေစင်အောင်မဆေးခြင်းကြောင့် လည်းကောင်း၊ ချဉ်ရည်ဟင်းတွင် ပါဝင် သော ချဉ်ပေါင်ရွက်၊ ဆလပ်ရွက်၊ ကန်ဇွနိးရွက်၊ရုံးပတေသီးများတွင် ဆေးဖြန်းမှုကြောင့် ရေပြောင်အောင်မဆေးသဖြင့်လည်းကောင်း အစာအဆိပ်သင့်မှုဖြစ်နိုင်ကြောင်း ဝိုင်းဝန်းပြုစုသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

Credit - MOI Webportal Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။