အချိန်က ၁၉၀၃ ခုနှစ်..

တစ်နည်းပြောရလျှင် အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့တို့၏လက်အောက်တွင် မြန်မာတစ်မျိုးသားလုံး ကျွန်သပေါက်ဘဝဖြင့် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ညှိုးငယ်စွာ နေထိုင်နေရသည့် အချိန်..

ထိုအချိန်က ရန်ကုန်မြို့ကြီးသည် မြို့ဟုခေါ်သော်လည်း လူနေအိမ်ခြေ နည်းပါးလွန်းလှပြီး နေရာ အတော်များများမှာ သစ်ပင်သစ်တောကြီးများ၊ ခြုံနွယ်များသာ ဖုံးလွှမ်းလျက်ရှိနေ၏။ ဆူးလေစေတီတော်ဝန်းကျင် ရန်ကုန်မြို့လယ်ကောင်တစ်ဝိုက်နှင့် သိမ်ကြီးစျေးအနီးတစ်ဝိုက်လောက်မှာသာ အစိုးရ အဆောက်အဦများနှင့် လူနေအိမ်ခြေ တိုက်တာ အိုးအိမ်များ များပြားပြီး ကျန်သည့်နေရာ အတော်များများမှာတော့ တောအုပ်ကြီးသဖွယ် ဖြစ်နေလေ၏။

သူ့ကျွန်ဘဝရောက်နေသော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာ အလှူရေစက် လက်နှင့်မပြတ်ကြ။ ဘုရားရှင်၏သားတော် ရဟန်းသံဃာများ စိတ်အေးချမ်းသာစွာဖြင့် သာသနာပြုနိုင်ရန်အတွက် ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး.. အစရှိသည့် ပစ္စည်းလေးပါးများကို စဉ်ဆက်မပြတ် ဆက်ကပ် လှူဒါန်းနေကြသလို၊ မြန်မာတို့၏အသည်းနှလုံး သိဂုင်္တ္တရ ကုန်းတော်ပေါ်ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးကိုလည်း လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ဝိုင်းဝန်း ပြင်ဆင်နေကြလေသည်။

မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ခြိမ့်ခြိမ့်သည်းသည်း ကျင်းပကြမည်ဖြစ်သည်။ ထို့ကြောင့် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က အနယ်နယ်အရပ်ရပ်မှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းထားကြသည့် ရွှေစင်ရွှေပြားများကို ရွှေတိဂုံ စေတီတော်မြတ်ကြီးအား တပေါင်းလပြည့် ဗုဒ္ဓပူဇနိယပွဲတော်အမီ ကပ်လှူ ပူဇော်နိုင်ရန်အတွက် ကိုယ်လုံးတော်အား ဝါးများဖြင့်ငြမ်းဆင်ကာ အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်နေကြလေသည်။ စေတီတော်ပေါ်တွင် ဂေါပကအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဘုရားဖူးပြည်သူများဖြင့် လွန်စွာမှ စည်ကားနေသည့်အချိန်လည်း ဖြစ်နေပေတော့သည်။

သည်လိုနှင့် ခရစ်နှစ် ၁၉၀၃ ခုနှစ်၊ မတ်လ ၂ ရက် (မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်) နေ့သို့ရောက်လာသည်။ မှတ်မှတ်ရရ ထိုနေ့ကား တနင်္လာနေ့၊ နံနက်ပိုင်းဖြစ်၏။ ပွဲတော်ရက်နီးကပ်လာပြီမို့ ရွှေသင်္ကန်းကပ်လှူကြမည့် အလုပ်သမားများမှာ ဝါးငြမ်းများကို တစ်ခုပြီးတစ်ခုကျော်လွှားရင်း ကျွမ်းကျင်စွာတက်သွားကြသည်မှာ ဆပ်ကပ်ပွဲ တစ်ခုလေအလား။ ထိုစဉ် ရွှေတိဂုံစေတီတော်မြတ်ကြီး ကိုယ်လုံးတော်ပေါ်မှ “ခေါင်းလောင်းပုံအနားလန်စွန်း” ၌ ဝါဝါစင်းစင်း အရာတစ်ခု ရှိနေသည်ကို အလုပ်သမားတချို့က လှမ်းမြင်လိုက်မိကြလေသည်။ မနေ့က အလုပ်သမားတချို့ ငြမ်းပေါ်မှပြန်ဆင်းရင်း မေ့ကျန်ထားခဲ့ကြသည့် ပစ္စည်းပစ္စယ တစ်ခုခုလေလား.. သို့တည်းမဟုတ် အဝတ်အစား တစ်ခုခုလေလား..

“အလိုလေး.. ကျားဗျို့.. ကျား ကျား”

“အီး.. လုပ်ကြပါဦးဗျ..

ဘုရားပေါ်မှာ ကျားကြီးဗျ”

ရှေ့ဆုံးမှတက်သွားသည့် အလုပ်သမားတချို့က ထိတ်လန့်စွာ အော်ဟစ်လိုက်ရင်း ဝါးငြမ်းများပေါ်မှ ဒရောသောပါးဖြင့် ပြန်ပြေးဆင်းလာကြသည်။ အောက်ခြေမှအပေါ်သို့ တက်လုတက်ဆဲ အလုပ်သမားများကလည်း အပေါ်ကလူတွေ ပြန်ပြေးဆင်းလာမှတော့ နဝေတိမ်တောင်ဖြင့် သူ့ထက်ငါအလုအယက် ဆင်းပြေးကြပြီပေါ့။ တစ်ယောက်အပေါ်တစ်ယောက် တိုးမိ တိုက်မိ ခိုက်မိရင်း အလဲလဲ အကွဲကွဲ ရုတ်ရုတ်သဲသဲ။

“ဘယ့်နှယ်..

တောကြီးမျက်မည်းထဲမှာသာနေတတ်တဲ့ အသားစားသတ္တဝါမျိုးနွယ်ဝင် သားရဲတိရစ္ဆာန် ကျားရိုင်းတစ်ကောင်က ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်ကို တက်လာရုံသာမက ကိုယ်လုံးတော်ပေါ်မှာတောင် ဝပ်နေသတဲ့လား။ မဖြစ်နိုင်တာပဲ”

ဤသို့ဤနှယ် အတွေးဝင်မိကြသော ဘုရားဖူးပြည်သူအချို့က မယုံသင်္ကာ ဒွိဟစိတ်ဖြင့် အပြေးအလွှား လာကြည့်ကြသည်။ ဝါးငြမ်းများကွယ်နေ၍ တော်တော်နှင့် မမြင်ရ။ အသေအချာ စူးစိုက်ပြီးကြည့်ကြည့်တော့မှ တွေ့လိုက်ရပါလေပြီ။ 

“အလိုလေး.. ဟုတ်သဟ.. ကျားသားမိုးကြိုး.. ဘုရားပေါ်မှာ ကျားကြီးတစ်ကောင် ဝပ်နေသဟ”

“ဟုတ်ပါ့တော်.. ဘယ်လိုကဘယ်လို ဘုရာပေါ်ရောက်နေပါလိမ့်။ ရင်ပြင်တော်ပေါ် ဆင်းချလာရင်တော့ ဒုက္ခတော်ရေ့”

နံနက်စောစော ဘုရားရင်ပြင်တော်ပေါ်သို့ ဘုရားဖူး၊ တရားထိုင်၊ ပုတီးစိပ် စသည်ဖြင့် ရောက်ရှိနေကြသော အလွှာပေါင်းစုံမှ ဘုရားဖူးပြည်သူများလည်း တစ်ယောက်တစ်ပေါက်ပြောဆိုရင်း ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြတော့သည်။ ကလေးတွေကိုလက်ဆွဲပြီး ရင်ပြင်တော်ပေါ်ကနေ ဆင်းပြေးသူတွေကလည်း ဆင်းပြေးကြသည်။ “ဘယ်သူရေ ဘယ်ဝါရေ” စသည်ဖြင့် အော်ဟစ် ခေါ်ဆိုနေသံများကလည်း ကျွက်ကျွက်ညံလို့။

ထိုသတင်းက ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်မှာသာမက ရန်ကုန်တစ်မြို့လုံးသို့ပါ တစ်မုဟုတ်ချင်းမှာပင် တောမီးပမာ ကူးစက်ပျံ့နှံ့သွားလေတော့သည်။ သတင်းကြား၍ ဘုရားပေါ်သို့ အပြေးအလွှားတက်လာပြီး ဝိုင်းအုံ ကြည့်ရှုနေကြသူများကလည်း ရောက်လာမစဲ တဖွဲဖွဲ။ တစ်ယောက်တစ်ပေါက် ပြောဆို ညွှန်ပြ အော်ဟစ်နေကြရင်း စိတ်ထင်ရာ မှတ်ချက်ပေးနေကြသူများကလည်း အများအပြား။ ဂေါပကအဖွဲ့ဝင်များလည်း မျက်လုံးပြူးနေပြီ။ ရင်ပြင်တော်တစ်ခုလုံးမှာတော့ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြလေပြီတကား။

****************************

သို့နှင့် ထိုနေ့နံနက် ၈ နာရီခန့်သို့ရောက်လာသည်။ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရွှေဝိုင်းက ထိုသတင်းကို ရန်ကုန်မြို့ရှိ မျက်နှာဖြူ အရေးပိုင်မင်းကြီးထံ အပြေးအလွှား သွားရောက်သတင်းပို့သည်။ အရေးပိုင်လည်း အစကသိပ်မယုံချင်။ သို့သော် ဦးရွှေဝိုင်းက အတိအကျ သတင်းပေးနေပြီမို့ မနေသာတော့။ သည်တော့ ရန်ကုန်မြို့တွင်တပ်စွဲထားသည့် အင်္ဂလိပ်စစ်တပ်မှ ကာနယ် အီးလောဖို့ဒ်ထံသို့ စာတစ်စောင် ချက်ချင်းရေးပေးလိုက်လေသည်။ ထိုစာကိုယူပြီး ဦးရွှေဝိုင်းတစ်ယောက် ကာနယ် အီးလော့ဖို့ဒ်ရှိရာသို့ သုတ်ခြေတင်ရပြန်လေ၏။ 

ခဏအကြာမှာတော့ သူတို့နှစ်ယောက်သား နီးစပ်ရာ အင်္ဂလိပ်အရာရှိ တချို့၏ နေအိမ်များကို ဝင်ရောက်အသိပေးရင်း သေနတ်ရှာရသည်။ ကပ္ပတိန်ဂျင်းနင်း၏နေအိမ်မှ နှစ်လုံးပြူးသေနတ်တစ်လက် ရလာသည်မို့ ကပ္ပတိန်ဂျင်းနင်းနှင့် ကပ္ပတိန်ဘီဗီးလ်တို့ကိုပါ သူတို့နှင့်အတူ တစ်ပါတည်းခေါ်လာပြီး ရွှေတိဂုံ စေတီတော်ပေါ်သို့ အပြေးအလွှား တက်လာခဲ့ကြရပေပြီ။ သူတို့လူစု ရင်ပြင်တော်ပေါ်သို့ ရောက်ရှိသွားချိန်မှာတော့ လူအုပ်ကြီးက တိုးမပေါက်အောင် စည်ကားနေလေပြီတကား။

****************

ကာနယ်အီးလော့ဖို့ဒ်က ရင်ပြင်တော်ပေါ်မှနေ၍ အဆိုပါ ကျားဝပ်နေသည့် နေရာကို လှမ်းကြည့်လိုက်လေသည်။ အလှမ်းဝေးနေသည်မို့ တစ်ကောင်လုံးကိုမမြင်ရ။ အသေအချာ စူးစိုက်ကြည့်တော့မှသာ ကျား၏ ကျောကုန်းပိုင်း၊ နောက်ခြေထောက်နှင့် အမြီးကလေးကိုသာ လှမ်းမြင်လိုက်ရလေ၏။ ပြောမယုံ ကြုံဖူးမှသိလိုက်ရပေကော။ ကာနယ် အီးလော့ဖို့ဒ် မည်သို့ဆုံးဖြတ်ရမည်နည်း။

မတတ်နိုင်..

လူများ အန္တရာယ်ကင်းစေဖို့အတွက် အဆိုပါ ကျားကို သေနတ်နှင့်ပစ်ခတ်ပြီး သုတ်သင် ရှင်းလင်းရပေတော့မည်။ သို့သော် နေရာက အတော်ဝေးနေသည့်အပြင် ဘုရားကြီး၏ ကိုယ်လုံးတော်ပေါ်မှာဝပ်နေသည့် ထိုကျားကို ရင်ပြင်တော်ပေါ်မှနေ၍ လှမ်းပစ်မည်ဆိုပါက ချက်ကောင်းကို ထိမှန်နိုင်မည်မဟုတ်။ အသက်မသေဘဲ ဒဏ်ရာရရုံသာရသွားပါက ရင်ပြင်တော်ပေါ်သို့ဆင်းပြေးလာရင်း အောက်မှ လူများကို ကျားနာခဲ ခဲပေတော့မည်။

ထို့ပြင် ဒဏ်ရာရသွားသည့် တောရိုင်းတိရစ္ဆာန်များက လူသားများကို ပို၍ ဒုက္ခပေးတတ်သည်ဟု သူ ကြားဖူးထားသည်။ သည်တော့ ကာနယ် အီးလော့ဖို့ဒ်က သူနှင့်အတူပါလာသည့် ကပ္ပတိန် ဂျင်းနင်းကို တန်ဆောင်းတစ်ခုပေါ်သို့တက်စေပြီး အသင့်နေရာယူခိုင်းလိုက်လေသည်။ ကပ္ပတိန်ဗီဘီးလ်ကိုတော့ လီဗာပူးလ် ဘုရင့်ရိုင်ဖယ်တပ်ရင်းသို့ အမြန် စေလွှတ်လိုက်ပြီး ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာ စစ်သားများကို ချက်ချင်း ခေါ်ခိုင်းလိုက်လေ၏။

သို့နှင့် များမကြာမီအချိန်တွင် ကပ္ပတိန်ဗီဘီးလ်နှင့်အတူ ရိုင်ဖယ်သေနတ်ကိုင် ဂေါ်ရာစစ်သား ၁၄ ယောက် ရင်ပြင်တော်ပေါ်သို့ ရောက်ရှိလာပြီး ကာနယ်အီးလော့ဖို့်ဒ်အား သတိဆွဲ သတင်းပို့လေသည်။ အဆိုပါ ဂေါ်ရာစစ်သား ၁၄ ယောက်အား ကာနယ်က ခုနစ်ယောက်တစ်ဖွဲ့နှုန်းဖြင့် တပ်ဖွဲ့ နှစ်ဖွဲ့ခွဲလိုက်သည်။ အစောက ကပ္ပတိန်ဂျင်းနင်း နေရာယူထားသော တန်ဆောင်းကြီး၏ တစ်ဖက်တစ်ချက်စီတွင် ဂေါ်ရာစစ်သားများအား အမြန်နေရာချလိုက်သည်။

သေနတ်ကိုင် အရာရှိ စစ်သားများအားလုံး အသင့်ဖြစ်သွားချိန်မှာတော့..

“ဖိုင်းယား”

“ဒုန်း ဒုန်း”

“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”

ကာနယ်အီးလော့ဖို့ဒ်ထံမှ ပစ်မိန့်ပေးသံအဆုံးတွင် ကပ္ပတိန်ဂျင်းနင်း၏ လက်ထဲမှ နှစ်လုံးပြူးသေနတ်နှင့် ဂေါ်ရာ စစ်သားများ၏ ရိုင်ဖယ်သေနတ် ပြောင်းဝများမှ သေမင်းတမန် ကျည်ဆန်များက ပြင်းထန်သော ပေါက်ကွဲသံများကို ဆူညံစွာပြုရင်း ကျားဝပ်နေရာဆီသို့ အလုအယက် ပြေးထွက်သွားကြလေ၏။

သို့သော် အနှီကျားကပဲ ကံကောင်းနေလေသည်လားမသိ။ တဒုန်းဒုန်း တဒိုင်းဒိုင်းဖြင့် ပစ်ခတ်နေကြသော အဆိုပါကျည်ဆန်များမှာ ကျားကို တစ်ချက်ကလေးမှ မထိ။ ကျားဝပ်နေသော ခေါင်းလောင်းပုံအစွန်းကိုသာ ကျည်ဆန်များ ထိသွားကြောင်း ဖွာကနဲ ဖွာကနဲ လွှင့်စင် ထွက်ကျလာသည့် အုတ်စ၊ အင်္ဂတေစများက သက်သေခံနေလေသည်။

“ဝေါင်း”

ဆူညံသောသေနတ်သံများကြောင့် မာန်ဖီသံတစ်ချက်ပြုလိုက်ရင်း အဆိုပါကျားက ဝပ်နေရာမှ ခေါင်းထောင်၍ထကြည့်လိုက်သည်။ အဆိုပါအခွင့်အရေးကို တန်ဆောင်းပေါ်မှာ အသင့်နေရာယူထားသည့် ကပ္ပတိန်ဂျင်းနင်းက လုံးဝ လက်လွတ်မခံ။

“ဒုန်း ဒုန်း”

ကပ္ပတိန်ဂျင်းနင်း၏လက်ထဲမှ နှစ်လုံးပြူးသေနတ်က မြည်ဟည်းသံနှစ်ချက်ကို ဆက်တိုက်ပြုလိုက်ရင်း ကျားရှိရာသို့ ခဲပူတောင့်တွေ ဆက်တိုက်ပြေးဝင်သွားလေ၏။

“ဝေါင်း ဝေါင်း”

ရင်ဘတ်နှင့်ဝဲယာပုခုံးများကို ကျည်ဆန်များ ထိမှန်သွားမှုကြောင့် ကျားက နာကျင်စွာညည်းညူရင်း မာန်ဖီလိုက်လေသည်။ နီးစပ်ရာကိုလူးလှိမ့်ကုတ်ခြစ်ရင်း ပတပ်ထရပ်ဖို့ ကြိုးစားနေသည်။

“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း”

“ဒုန်း ဒုန်း”

သွေးရူးသွေးတန်းဖြစ်နေသော အဆိုပါကျားကို ဂေါ်ရာစစ်သားများနှင့် ကပ္ပတိန်ဂျင်းနင်းက ကျည်ဆန်တွေ တရစပ်ပစ်လွှတ်လိုက်လေသည်။ ထိတာလည်း ရှိသည်။ လွဲတာလည်း ရှိသည်။ ကြာတော့ အနှီကျား မခံနိုင်တော့။ ညည်းညူသံ တစ်ချက် ပြုလိုက်ရင်း အဆိုပါနေရာမှာပင် လဲကျသွားလေတော့၏။ သို့သော် အောက်ကိုကား ပြုတ်ကျမလာ။

“ဝေး ဟေးဟေးဟေး”

ရင်ပြင်တော်ပေါ်ရှိလူအုပ်ကြီးက တဟေးဟေးဟစ်အော်ရင်း ငြာသံဝိုင်းပေးသည်။ သို့သော်ငြား ကျားကတော့ ထိုနေရာမှာပင် နေမြဲ။သည်တော့ စိတ်မြန်လက်မြန် ကပ္ပတိန်ဂျင်းနင်းက သူ နေရာယူထားသည့် တန်ဆောင်းပေါ်မှဆင်းပြီး ဝါးငြမ်းအတိုင်း ခပ်သုတ်သုတ်တက်သွားသည်။ သူ့ကျောပေါ်မှာတော့ လက်စွဲတော် နှစ်လုံးပြူး သေနတ်ကို စလွယ်သိုင်း လွယ်ထားလျက်။ အပေါ်ရောက်တော့ ကျားကိုတွေ့သည်။ ဒဏ်ရာတွေဗရပွ ရနေပြီဖြစ်သော်လည်း အသက်ပြင်းလွန်းလှသည့် အနှီကျားက အသက် မသေသေး။ ညည်းညူသံတွေပေးနေရင်း အသက်ငင်နေသည်မို့ ကပ္ပတိန်ဂျင်းနင်းက အနီးကပ် အသေအချာချိန်ရွယ်ကာ ပွဲသိမ်း ကျည်ဆန်တစ်တောင့်ကို ပစ်သွင်းလိုက်လေ၏။

“ဒိန်း”

သည်တစ်ခါတော့ အဆိုပါကျား ဇီဝိန်ချုပ်လေပြီ။ အသက် ကင်းမဲ့နေပြီဖြစ်သော အဆိုပါကျားသေကောင်ကို ကပ္ပတိန်ဂျင်းနင်းက တဖြည်းဖြည်းချင်း အောက်သို့ ဆွဲချလာလေ၏။

ရင်ပြင်တော်ပေါ်သို့ရောက်လာသော ကျားသေကာင်ကို အသေအချာကြည့်ရှုတော့မှ အဆိုပါကျားက ကျားထီးမဟုတ်၊ သန်တုန်း မြန်တုန်းအရွယ် ကျားမတစ်ကောင် ဖြစ်နေလေ၏။ ကိုယ်ခန္ဓာကို တိုင်းထွာကြည့်သောအခါ အမြီးဖျားကနေ ဦးခေါင်းအထိ အလျားရှစ်ပေတိတိ။

*****************************

ကောင်းပြီ..

ရွှေတိဂုံစေတီတော်ပေါ်သို့ အဆိုပါကျားက မည်သို့မည်ပုံ ရောက်ရှိလာပါသနည်း…

ထိုစဉ်တုန်းက ရန်ကုန်မြို့နေလူထုကို ရေပေးဝေရန်အတွက် အင်္ဂလိပ်အစိုးရက လှော်ကားကန်ကြီးကို တူးဖော် ဆောက်လုပ်နေသည်။ စက်ယန္တရားများသာမက များပြားလွန်းလှသော လုပ်သားအင်အားများကိုပါ အသုံးပြုနေချိန်ဖြစ်သည်။ သိကြသည့်အတိုင်းလှော်ကားကန်ဆိုသည်က ရန်ကုန်မြိ့အစွန်၊ ရိုးမတောကြီးရဲ့ အစပ်။ ပြီးတော့ ထိုအချိန်က လှော်ကားကန်တစ်ဝိုက်ဆိုသည်ကား တကယ့်ကို တောကြီးမျက်မည်း။ တောထူတော့ သားရဲတိရစ္ဆာန်တွေ ပျော်မြူး ကျက်စားကြသည်။ သမင်၊ ယုန်၊ ဒရယ်၊ ချေ၊ တောဝက် စသည့် တောကောင်ငယ်များရှိသလို တောဆင်ရိုင်းများ၊ ကျားများပါ ခိုအောင်းနေတတ်သည်။

လှော်ကားကန်တည်ဆောက်နေချိန်မှာ လူသူများ အရောက်အပေါက်များလာသည်မို့ ကျန်သည့်တောကောင်ငယ်များက တောနက်ရာ ဒေသများသို့ ရွှေ့ပြောင်းနေစဉ် အဆိုပါကျားက မျက်စိလည် လမ်းမှားပြီး ရန်ကုန်မြို့ထဲသို့ ဝင်လာမိပုံရသည်။ ထို့နောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ရန် ဆင်ထားသည့် ဝါးငြမ်းများမှတစ်ဆင့် ရွှေတိဂုံ စေတီတာ်မြတ်ကြီး၏ ကိုယ်လုံးတော်ပေါ်သို့ ကြံကြံဖန်ဖန် တက်ရောက်လာမိခြင်းဖြစ်မည်ဟု အင်္ဂလိပ် အမဲပစ်မုဆိုးများက ခန့်မှန်း ပြောဆိုကြသည်။

၁၈၈၀ ပြည့်နှစ် ဒီဇင်ဘာလတုန်းကလည်း စတီဗင်ဆင်လမ်း (ယခု- လှည်းတမ်းလမ်း) သို့ ကျားတစ်ကောင် မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာသဖြင့် အင်္ဂလိပ်မုဆိုးများက ဝိုင်ဝန်းပစ်ခတ် ဖမ်းဆီးခဲ့ရသည် မဟုတ်လော။ အင်္ဂလိပ်အာဏာပိုင်များက အဆိုပါကျားသတင်းကို နောက်ကြောင်းပြန် စုံစမ်းကြည့်ကြ၊ ခြေရာခံကြည့်ကြသောအခါ ရွှေတိဂုံစေတီတော်ပေါ်သို့မတက်မီ အနှီကျားက ပုဇွန်တောင် အမဲသတ်ရုံ (ယခု- မင်္ဂလာတောင်ညွှန့်မြို့နယ် အားကာဝင်း) အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ခင်းများထဲသို့လည်း ဝင်မွှေခဲ့သည်.. တဲ့။

ပြီးတော့ ကုက္ကိုင်း ရေကူးရွာဘက်က ခြံတစ်ခြံ အတွင်းသို့လည်း အတင့်ရဲစွာဝင်ရောက်ပြီး နွားမတစ်ကောင်ကို ကိုက်သတ်စားခဲ့သေးသည်.. တဲ့။ ဒါတင်မက ဘောင်ဒရီလမ်း (ယခု- ဓမ္မစေတီလမ်း) ရှိ နေအိမ်တစ်အိမ်၏ နောက်ဖေးခန်းအတွင်းသို့လည်း ခြေစကြာ ဖြန့်ခဲ့သေးသည်တဲ့လေ။ ကြည့်ရတာတော့ ယခင် သူ အမဲလိုက်နေကျ လှော်ကားကန် အနီးတစ်ဝိုက်မှ တောကောင်ငယ်ကလေးများက တောပိုနက်သည့် ရိုးမတောကြီးထဲသို့ ပြောင်းရွှေ့သွားကြသဖြင့် လူတ်ုိ့ရပ်ရွာအတွင်း ကျူးကျော်လာကာ လူတို့မွေးမြူထားသာ ဆိတ်၊ နွား၊ သိုး၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်များကို ကိုက်သတ်စားရန် ကျူးကျော်ဝင်ရောက်လာရင်း သေချင်တဲ့ကျား တောပြောင်းဆိုသလို ဖြစ်သွားဟန်တူပါသည်။

အဆိုပါ ရွှေတိဂုံဘုရားပေါ်သို့ ကျားတက်သည့်သတင်းက ရန်ကုန်မြို့မှာသာမက တစ်နိုင်ငံလုံးသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပြီး ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပရိသတ်များလည်း ယခင်ကထက် ပိုမိုများပြားလာသည်။ နတ်ယုံကြည်သူ တချို့ကတော့ အဆိုပါကိစ္စကို “မှော်ဘီနတ်ကြီး ရွှေတိဂုံဘုရားဖူး လာသည်” ဟု အရပ်ထဲမှာ တိုးတိုးတိတ်တိတ် ပြောကြသည်တဲ့လေ။

ထို့အပြင် ရွှေတောင်ဆရာလွန်း (နောင်- ဆရာကြီး ူသခင်ကိုယ်တော်မှိုင်း) ကလည်း “ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ပြဇာတ်” အမည်ရှိ ပြဇာတ်စာအုပ်တစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့ရာ ထိုခေတ်အခါတုန်းက ရောင်းမလောက်အောင် လူကြိုက်များခဲ့သည်တဲ့။

ထိုခေတ်က ကပြဖျော်ဖြေခဲ့ကြသည့် ဇာတ်ပွဲများနှင့် အငြိမ့်ပွဲများမှာလည်း လူရွှင်တော်များက..

“ရွှေတိဂုံဘုရားမှာ ကျားတက်တာ ငါးရက်ကြာသနော်.. အို.. ရွှေတိဂုံဘုရားမှာလ ကျားတက်တာ ငါးရက်ကြာသဗျ.. ဂေါ်ရာတွေဝိုင်း သေနတ်နဲ့ပစ် ကျားစင်းစင်းသေ” ဆိုပြီး သီချင်းစပ်ဆိုရင်း ပြက်လုံးတွေထုတ်ခဲ့ကြရာမှာ ရွှေပွဲလာ ပရိသတ်များက လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် အားပေးခဲ့ကြသည်ဟု မှတ်သားခဲ့ရပါကြောင်း…။

လေးစားလျက်

Thu Hlaing – Author

source - thuta lawka

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။