ခရီးသည်တင် Express ၃ စီး ယာဉ်မတော်တဆမှု ဖြစ်ပွား၊ ဖြစ်စဉ်ကြောင့် ခရီးသည် (၇)ဦး သေဆုံး၊ (၂၁) ဦး ဒဏ်ရာရ

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးတွင် ယနေ့နံနက်အရုဏ်မတက်မီ ခရီးသည် တင်ယာဉ် Express (၃)စီး ယာဉ် မတော်တဆမှု ဖြစ်ပွား ခဲ့ပြီး ဖြစ်စဉ်များကြောင့် ခရီးသည် (၇)ဦး သေဆုံးခဲ့ပြီး (၂၁)ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်များမှာ ယနေ့နံနက် ၀ နာရီ ၁၅ မိနစ်တွင် ပေပင်လေး အမြန်လမ်း ရဲစခန်းအပိုင်၊ မိုင်တိုင်အမှတ် ၂၅၄/၃နှင့် ၂၅၄/၄ အကြား ရန်ကုန်မှ မန္တလေး ဘက်သို့ ယာဉ်မောင်း သက်နိုင်ဆွေ မောင်းနှင်းလာသော ရဲသူအောင် Express ခရီးသည်တင် ယာဉ်မှာ ရှေ့မှယာဉ်မောင်း လှသိန်း မောင်းနှင် သည့် STAREX မော်တော်ယာဉ်အား အနောက်မှ ဝင်တိုက်ခဲ့သည်။

ထို့ကြောင့် ရဲသူအောင် Express ခရီးသည်တင် ယာဉ်မှ ယာဉ်မောင်းပါ (၄၉)ဦးမှာ ထိခိုက် ဒဏ်ရာရရှိမူ မရှိသော်လည်း STAREX ယာဉ်ပေါ်မှ ယာဉ်မောင်းပါ (၆)ဦး အနက် အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦး ပေါင်းလေးဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ယနေ့နံနက် ၁ နာရီက ဇီးပင်သာ အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၁၄၉/၂ နှင့် ၁၄၉/၃ အကြား မကွေးမှ ရန်ကုန်သို့ ယာဉ်မောင်း အောင်မြင့် မောင်းနှင် လာသော မိုးသောက်ရောင်နီ Express ခရီးတင်မော်တော် ယာဉ်မှာ မိုးရွာသွန်းစဉ် စလစ်ဖြစ်ပြီး လမ်းယာဘက် ရှိ ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၃၆)ဦး အမျိုးသမီး (၁၇)ဦး ပေါင်း (၅၃)ဦး အနက် အမျိုးသား (၄)ဦး ၊ အမျိုးသမီး (၂)ဦး ပေါင်း(၆)ဦး သေဆုံးပြီး အမျိုးသား (၁၅)ဦး ၊ အမျိုးသမီး (၂)ဦး ပေါင်း (၁၇)ဦး ဒဏ်ရာ ရရှိခဲ့သည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင် အမှတ် ၁၉၃/ရနှင့် ၁၉၄/၀ အကြား၌ ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း ဝင်းဗိုလ် မောင်းနှင် လာသော မြရွှေစင် Express ဘုရားဖူးယာဉ်မှာ နံနက် ၃ နာရီခွဲခန့်က ယာဉ် နောက်ခန်းရှိ အင်ဂျင်ခန်းမှာ အပူရှိ်န် မြင့်တက်ပြီး ဝါယာ ရှော့ဖြစ်ကာ မီး စလောင်ကျွမ်းခဲ့သည်။

မော်တော်ယာဉ် မီးလောင်မူကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား (၁၅)ဦး ၊အမျိုးသမီး (၂၆)ဦး ပေါင်း (၄၁)ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမူ မရှိသော်် လည်း မြရွှေစင် Express ယာဉ်မှာ တစ်စီးလုံး မီးလောင်ကျွမ်း ခဲ့သောကြောင့် ခန့်မှန်း တန်ဖိုးကျပ်သိန်း (၅၀၀)ဖိုးခန့် ပျက်စီးသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ယာဉ်ကို မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သည့် ရဲသူအောင် Express ခရီးသည်တင် ယာဉ်မောင်း သက်နိုင်ဆွေ အား ပေပင်လေး အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ)၆၈/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ၊ ၃၀၄(က) ၊၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားသည်။

ထိ့ုအတူ မိုးသောက်ရောင်နီ Express မကွေး- ရန်ကုန် ခရီးသည်တင် ယာဉ်မောင်း အောင်မြင့်အား ဇီးပင်သာ အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ) ၂၉/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄က/ ၃၃၈/ ၃၃၇/ ၂၀၂ တို့အရ အမှုဖွင့် အရေးယူထားသည်။

အလားတူ ယာဉ်တစ်စီးလုံး မီး လောင်ကျွမ်း ခဲ့သော မြရွှေစင် Express ခရီးသည်တင် ယာဉ်မောင်း ဝင်းဗိုလ်အား ပလွေး အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၃၁/ ၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၂၈၅ အရ အမှုဖွင့် အရေးယူ ထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။

Source: MOI Webportal Myanmar

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။