1. ခါတိုင်းထက်ပို၍ ဆိုးရွားစွာဗိုက်အောင့်ခြင်း

အူအတက်ရောင်ခြင်းကြောင့် ခံစားရတဲ့နာကျင်မှုဟာ လွန်စွာဆိုးရွားကာ ချက်နားတစ်ဝိုက်မှတဆင့် ညာဘက်ဝမ်းဗိုက်အောက်ပိုင်းထိ ပျံ့နှံ့နိုင်ပါတယ်။ ဒီလိုနာကျင်မှုဟာ အူအတက်ပေါက်တော့မယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် သေချာစေဖို့အတွက် ကွန်ပျူတာဓာတ်မှန်ကဲ့သို့ စစ်ဆေးမှုမျိုးကိုမူ ပြုလုပ်သင့်ပါတယ်။

အူအတက်ရောင်တဲ့လူနာတွေမှာ မတူညီတဲ့မသက်မသာဖြစ်မှုတွေ အမျိုးမျိုးရှိတတ်ကြပါတယ်။ လမ်းလျှောက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကားပေါ်တက်ခြင်း စတဲ့လှုပ်လှုပ်ရှားရှားအပြုအမူတွေကြောင့် နာကျင်တဲ့ဝေဒနာကိုခံစားရပါက ဝမ်းဗိုက်တပြင်လုံးဟာ ရောင်ရမ်းနေလို့ပဲဖြစ်ပါတယ်။ ၎င်းအခြေအနေသည် အူအတက်ပေါက်လုဆဲဆဲ (သို့) ပေါက်ပြီးတာဖြစ်နိုင်ပါတယ်။

2. ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်း

အူအတက်ရောင်တဲ့သူတိုင်း ဒီလိုရောဂါလက္ခဏာတွေခံစားရတာမဟုတ်ပါဘူး။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအပြင် အထက်ပါလက္ခဏာတွေခံစားနေရပြီဆိုပါက စစ်ဆေးမှုတွေကို ပြုလုုပ်သင့်ပါတယ်။ အူအတက်ရောင်ရမ်းခြင်းဟာ တစ်ခါတစ်ရံမှာ အူလမ်းကြောင်းနဲ့ အာရုံကြောစနစ်တွေကို အကျိုးသက်ရောက်မှုရှိစေနိုင်တာကြောင့် ပျို့အန်ခြင်းတွေခံစားရစေတာဖြစ်ပါတယ်။

3. ပုံမှန်ထက်ပို၍ ဆီးခဏခဏသွားခြင်း

အချို့သူတွေမှာ အူအတက်သည် ဆီးခုံရိုးအောက်နားမှာ တည်ရှိနိုင်တာကြောင့် ဆီးအိမ်နဲ့ ကပ်နေလေ့ရှိပါတယ်။ ဆီးအိမ်ဟာ ရောင်ရမ်းနေတဲ့ အူအတက်နဲ့ ထိတွေ့မိတာကြောင့် သွားဆွသလိုဖြစ်ပြီး ရောင်ရမ်းလာပါတော့တယ်။ အကျိုးဆက်အနေနဲ့ မကြာခဏ ဆီးသွားချင်စိတ်ဖြစ်လာပြီး ဆီးသွားတဲ့အခါမှာလည်း အလွန်နာကျင်ပါတယ်။ ဒါဟာ ဆီးလမ်းကြောင်းပိုးဝင်တာရဲ့ အချက်ပေးလက္ခဏာဖြစ်နိုင်ပေမယ့်လည်း အခြားရောဂါလက္ခဏာတွေနဲ့တွဲနေပါက အူအတက်ရောင်တာ ပိုဖြစ်နိုင်ပါတယ်။

4. အဖျားကြီးပြီး ချမ်းတုန်ခြင်း

ကိုယ်အပူချိန်မြင့်တက်၍ ချမ်းတုန်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့တစ်နေရာမှာ ရောင်ရမ်းမှုတစ်ခုခုရှိနေတာကို ဆိုလိုပါတယ်။ အူအတက်ရောင်တဲ့အခါမှာ တုံ့ပြန်တဲ့အနေနဲ့ ခန္ဓာကိုယ်ဟာ ဓာတုပစ္စည်းအများအပြား ထုတ်လုပ်၍ အချက်ပေးကာ တိုက်ခိုက်ဖို့ဆဲလ်တွေကို ထိုနေရာသို့ရောက်အောင် ခေါ်ဆောင်ပါတယ်။ ဤနည်းအားဖြင့် နာကျင်မှုဝေဒနာအပြင် ဖျားနာခြင်း၊ ချမ်းတုန်ခြင်းတို့ကို ခံစားစေရစေတာဖြစ်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာအပြင် အဖျားပါကြီးပါက ဆရာဝန်နဲ့ချက်ချင်း သွားရောက်ပြသသင့်ပါတယ်။

5. စိတ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ခြင်း

သတိလစ်မေ့မြောတာတွေ၊ စိတ်ဂယောင်ချောက်ခြားတွေ ဖြစ်လာပါက ရောဂါပိုးတွေဟာ သွေး ထဲရောက်လာတဲ့ လက္ခဏာဖြစ်ပြီး သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ အဲလိုဖြစ်ရတာဟာ ဦးနှောက်ထဲမှာ တစ်စုံတစ်ရာမှားယွင်းနေလို့မဟုတ်ဘဲ ရောဂါပိုးတွေ ပိုမိုပျံ့နှံ့လာပြီး အောက်ဆီဂျင်အပါအဝင် အခြား ခန္ဓာကိုယ်အရင်းအမြစ်တွေကို သုံးစွဲလိုက်တာကြောင့် ဦးနှောက်ဟာလုံလောက်စွာမရတော့ဘဲ ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာဖြစ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ဟာ စိတ်ခံစားမှုအခြေအနေပြောင်းလဲ လာပြီဟု အထင်ရှိပါက (အူအတက်ရောင်တာဖြစ်စေ၊ အခြားအခြေအနေတစ်ခုခုကြောင့်ဖြစ်စေ) အမြန်ဆုံး အကူအညီရယူသင့်ပါတယ်။

Source : Dr. Thinzar Wynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။