၁၃ နှစ်အရွယ် မိန်းကလေးကို မွေးစားအမေက နှိပ်စက်မှု ရပ်ရွာက အမှုဖွင့်တိုင်ကြား

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် လူကောင်းကျွန်းကျေးရွာမှာ ဒဏ်ရာတွေနဲ့ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦး ခြုံအတွင်းပုံးအောင်းနေတာကို တွေ့ရှိမေးမြန်းရာကနေ မွေးစားအမေက တုတ်၊ ချွန်ထက်တဲ့အရာတွေနဲ့ နှိပ်စက်ခဲ့ကြောင်း သိရလို့ ရပ်ရွာလူထုက မခံမရပ်နိုင်ဖြစ်ပြီး နိုင်ဝင်ဘာ ၁၂ ရက်နေ့က လူကောင်းကျွန်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

လူကောင်းကျွန်းကျေးရွာက ဦးဝင်းထိုက် နဲ့ ဒေါ်စန်းစန်းမော်တို့က အဲဒီမိန်းကလေး ၄ နှစ်အရွယ်မှာ ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး မိဘအရင်းတွေက ကွယ်လွန်သွားပြီလို့ သိရပါတယ်။

မိန်းကလေးငယ်ဟာ ပညာရေးပိုင်းမှာ အဆင့် တစ်နှစ် အမြဲရရှိတဲ့အထိ ထူးချွန်ခဲ့ပေမယ့် ၄ တန်းအထိသာ ကျောင်းနေခွင့်ရခဲ့ပါတယ်။ အရင်ကလည်း ညှဉ်းပန်းနှိပ်စက်တဲ့ အသံတွေကြားတာကြောင့် မွေးစားမိဘတွေကို ခံဝန်ထိုးခိုင်းထားတာလည်းရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေမှူး ဦးပြုံးချိုက ပြောပါတယ်။

“အမြဲလိုလို နှိပ်စက်ခံနေရပြီး ငိုတဲ့အခါမှာ ပိုမိုရိုက်နှက်လေ့ရှိတယ် ကျောင်းတက်ချင်ပေမယ့် မပြောရဲဘူး” လို့ အဲ့ဒီမိန်းကလေးငယ်က ပြောပါတယ်။

မိန်းကလေးငယ်အနေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် ၇ ကြိမ်တိုင်ထွက်ပြေးခဲ့ကြောင်း၊ ဒီတခေါက် မိန်းကလေးငယ်ကို စစ်ဆေးကြည့်ရာမှာ လက်နဲ့ နားရွက်တွေမှာ ရေနွေးပူနဲ့လောင်းထားတဲ့ အမာရွတ်တွေ နဖူးကို တုတ်နဲ့ရိုက်ထားတဲ့ဒဏ်ရာတွေ၊ ခေါင်းကို ရိုက်နှက်ထားလို့ ဆံပင်ပြန်မပေါက်တော့တဲ့နေရာတွေနဲ့ တင်ပါးကို အပ်နဲ့ခြစ်ထားတာ၊ ဆီးခုံကို ဓားနဲ့ပေါက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့ရကြောင်း၊ ဒဏ်ရာတွေမှာ လက်သန်းလုံးလောက်အပေါ်ကို သီးထနေတဲ့ အမာရွတ်တွေကို တွေ့ရတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးစားရေး ဒေါ်အေးငြိမ်းကပြောပါတယ်။

မိန်းကလေးငယ်ကို နေပူလှန်းတာ ရေထဲကန်ချတာ ရိုက်နှက်တာတွေကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့လည်း ဒေါ်စန်းစန်းမော်ရဲ့ အစ်ကိုအရင်းဖြစ်သူကပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဦးဝင်းထိုက် နဲ့ ဒေါ်စန်းစန်းမော်တို့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကလေးငယ်ကိုတော့ မြောင်းမြပြည်သူ့ဆေးရုံကို ပို့ဆောင်စစ်ဆေးနေပြီး မွေးစားအမေ ဒေါ်စန်းစန်းမော်ကို လူကောင်ကျွန်းနယ်မြေရဲစခန်းက (ပ)၂၁/၂၀၁၆ ပုဒ်မ ၂၉၄ ၊ ၃၂၅ ၊ ၃၂၆ တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ယာယီစခန်းမှုး ဒုရဲအုပ်ကံမင်းက ပြောပါတယ်။

Credit :

သတင်းဓာတ်ပုံ – သော်ဇင်မျိုး

By ဒီဗွီဘီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။