ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသော (၃၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသော (၃၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အောင်မြေနေရာတွင် နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီမှ စတင် ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့) နံနက် ၄ နာရီတွင် နေရာဌာန(၉)ဌာန၌ သင်္ကန်းကပ်လှူ ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မသိုးသင်္ကန်း ရက်လုပ် ပြိုင်ပွဲတွင် အသင်း ၁၂ သင်းမှ ကိုးသင်းပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ပြီး ပထမဆု ငွေကျပ်သုံးသိန်းခွဲ၊ ဒုတိယဆု ငွေကျပ်သုံးသိန်း၊ တတိယဆုငွေ ကျပ် နှစ်သိန်းခွဲ၊ စတုတ္ထဆု ငွေကျပ် နှစ်သိန်းနှင့် ကျန်နှစ်သိမ့်ဆု ငါးဆုအတွက် ငွေကျပ်တစ်သိန်းခွဲစီ ချီးမြှင့် သွားမည်ဟု သိရပြီး ယမန်နှစ်က ဗုဒ္ဓဟူး(ညနေ) သန့်ရှင်းရေး အသင်းမှ ပထမဆု၊ ဓမ္မဂုဏ်ရောင်အသင်းမှ ဒုတိယဆုနှင့် ဗုဒ္ဓသာသနဟိတ အသင်းမှ တတိယဆု ရရှိခဲ့သည်။

တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီ တွင် ကကုသန်မြတ်စွာဘုရား၊ ကောဏာဂုံ မြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား၊ ဂေါတမ မြတ်စွာဘုရားနှင့် ပတ္တမြား မျက်ရှင်ဘုရားရှင် တို့ကို မသိုးသင်္ကန်းများ ကပ်လှူပူဇော် မည် ဖြစ်ပြီး အင်္ဂါထောင့် စတုသစ္စာပါရမီ အသင်း တန်ဆောင်း၊ စနေထောင့်ရွှေဂုံမြင့်အသင်း တန်ဆောင်း၊ ရာဟုထောင့် သာသနဝေယျာဝစ္စ အသင်းတန်ဆောင်းနှင့် တနင်္ဂနွေထောင့် သာသနဟိတဝတ်အသင်း တန်ဆောင်းတို့တွင် ကိန်းဝပ်စံပယ်တော်မူသော မြတ်ဗုဒ္ဓတော်တို့ကိုလည်း မသိုးသင်္ကန်း ကပ်လှူပူဇော် သွားမည် ဖြစ်ကြောင်း သိရသည်။

Source: Mizzma

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။