ဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ သားတော် ငါးဆူဒါယကာနန္ဒဘုရင် လက်ထက်မှာ အစိတ်စိတ်ပြိုကွဲခဲ့ရပါတယ်။ ဒါကိုပြန်လည် စုစည်းဖို့ကြိုးစားသူက ညောင်ရမ်းမင်းဆက်ကို တည်ထောင်သူ ညောင်ရမ်းမင်းတရား ဖြစ်ပါတယ်။ 

စုစည်းနေတုန်းမှာပဲ ညောင်ရမ်းမင်းတရား နတ်ရွာစံခဲ့တဲ့နောက် သားဖြစ်သူ မဟာဓမ္မရာဇာမင်း ဘွဲ့ခံ အနောက်ဘက်လွန်မင်းလက်ထက်မှာတော့ အောင်မြင်စွာပြန်လည်စုစည်းနိုင်ခဲ့ပါတယ်။

ပြည် ၊ တောင်ငူ တို့ကို အောင်မြင်စွာသိမ်းပိုက်နိုင်ခြင်း ၊ မြန်မာနိုင်ငံ၏ ပင်လယ်ရပ်ခြားကုန်သွယ်မှုကို လက်ဝါးကြီးအုပ်ထားသော သံလျှင်စား ငဇင်ကာကို အပြီးသတ်ချေမှုန်းနိုင်ခြင်း ၊ ထားဝယ်နှင့် ဇင်းမယ်တို့ကို သိမ်းနိုင်ခြင်း နှင့် ယိုးဒယားတို့၏ တိုက်ခိုက်မှုများကို အောင်မြင်စွာ တွန်းလှန်နိုင်ခြင်းတို့မှာ အနောက်ဘက်လွန်မင်း၏ ထင်ရှားသောဆောင်ရွက်ချက်များပင် ဖြစ်ပါတယ်။ အနောက်ဘက်လွန်မင်းဟာ မြန်မာနိုင်ငံကို အေးချမ်းသာယာအောင် အုပ်ချုပ်နိုင်ခဲ့တဲ့အပြင် အခြားတိုင်းပြည်များက လက်ဆောင်များဆက်သခဲ့ရတဲ့အထိ ဘုန်းတန်ခိုးကြီးမားသူလည်း ဖြစ်ခဲ့ပါတယ်။

အနောက်ဘက်လွန်မင်းဟာ နန်းသက် ၂၂နှစ် သက်တော် ၅၀ အရွယ်ကောင်းမှာပဲ သားဖြစ်သူရဲ့ လုပ်ကြံမှုကို ခံခဲ့ရပြီး နတ်ရွာစံခဲ့ရပါတယ်။ မရည်ရွယ်ပဲ ပြောလိုက်တဲ့စကား တစ်ခွန်းကို သားဖြစ်သူက အဟုတ်မှတ်ပြီး လုပ်ကြံလိုက်ခြင်းပါ။ 

ဖြစ်ပုံက သားတော်ဖြစ်သူ မင်းရဲဒိဗ္ဗ ဟာ ကိုယ်လုပ်တော် နှင်းခမ်းပေါနဲ့ ရည်ငံတာကို မင်းကြီးသိသွားတဲ့နောက် သားတော်ကို သံအိုးကင်းနှင့် ကြော်ပြီး အပြစ်ပေးမယ်လို့ ခြိမ်းခြောက်စကား ဆိုခဲ့ပါတယ်။ ခြိမ်းခြောက်ရုံ ဆိုလိုက်တဲ့စကားကို သားဖြစ်သူက တကယ်အပြစ်ပေးခံရတော့မယ် ထင်မှတ်ပြီး ကြောက်လန့်ကာ ခမည်းတော်မင်းကြီးကို လုပ်ကြံသတ်ဖြတ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ဟံသာဝတီရဲ့အနောက်ဘက်မှာနတ်ရွာစံတာဖြစ်တဲ့အတွက် အနောက်ဘက်လွန်မင်း လို့ခေါ်ကြခြင်းဖြစ်ပါတယ်။

ref:

ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်း – ဒေါက်တာကျော်သက်

မင်းဆယ်ပါးရာဇဝင် – ဒေါက်တာမတင်ဝင်း

မသိမဖြစ် မြန်မာ့ဗဟုသုတ ၁၀၀ – နေဘုန်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။