ပြီးခဲ့သည့် ရက်ပိုင်းတွေက အများပြည်သူသွားလာရာနေရာများတွင် အရက်သေစာသောက်စားသူများကို ပြည်သူများက ဝေဖန်ခဲ့သည်။ ထိုကဲ့သို့ သောက်စားသူများကြောင့် ပြည်သူများမှာ အနှောက်အယှက်ဖြစ်ရသည်။ မိန်းကလေးတွေအဖို့လည်း ကာယအိန္ဒြေ ထိပါးခံရသည်။ ထို့ကြောင့် ပြည်သူများအနေနှင့် လူမှုကွန်ယက်ကနေ ဝေဖန်ခဲ့ကြတာပါ။ ထို့ကြောင့် မန္တလေးမြို့တွင် ရဲတပ်ဖွဲ့ အနေနှင့် ဖမ်းဆီးအရေးယူခဲ့သည်။ အဓိကအဖြစ် မန္တလေးကျုံးနှင့် အနီးတစ်ဝိုက်တွင် ဖမ်းဆီးအရေးယူခဲ့တာပါ။ 

ဒါ့အပြင် ယခုအခါမှာလည်း ရန်ကုန်တိုင်းအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့်နေရာတွင် အရက်ဘီယာသောက်သုံးသူများကိုဖမ်းဆီးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ စိတ်အေးချမ်းမြေ့စွာဖြင့် လူမှုကိစ္စများအဆင်ပြေစွာဆောင်ရွက်နိုင်စေရေး အတွက် အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာ ပန်းခြံများ၊ လမ်းဆုံလမ်းခွများ၊ တံတားများနှင့် လူသွားစင်္ကြန်များပေါ်တို့တွင် ၀ိုင်းဖွဲ့၍ အရက်သေစာသောက်စားမူးယစ်သူများကို နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လုံခြံုရေးရဲတပ်ဖွဲ့ခွဲများမှတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ပညာပေးကာလ တစ်လသတ်မှတ်၍ လိုက်လံဟောပြောပညာပေးခဲ့ပြီးနောက် ပညာပေးကာလတစ်လပြည့် မြောက်သည့် အောက်တိုဘာ ၃၀ရက်နေ့တွင် ယင်းကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင်ဝိုင်းဖွဲ့ကာ အရက်သေစာသောက်စားမူးယစ်သူများကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၃၀ ရက်နေ့တွင် သက်ဆိုင်ရာမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် အရက်သေစာသောက်စားသူများအား ဖမ်းဆီးခဲ့ရာ အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များအတွင်းမှ (၉)ဦး၊ အနောက်ပိုင်းခရိုင်ရှိ မြို့နယ်များအတွင်းမှ (၇၁)ဦး၊ မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များ အတွင်းမှ (၂၈)ဦးတို့အား ရန်ကုန်ရဲအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ၌ အရက်သေစာသောက်စားသူ စုစုပေါင်းလူငယ်(၁၀၈)ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများတွင်အမှုစုစုပေါင်း(၃၉)မှုဖြင့် အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Source - ရန်ကုန်တိုင်းရဲတပ်ဖွဲ့ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။