ကတိပြုထားသည့်အတိုင်း မက္ကဆီကိုနယ်စပ်၌ တံတိုင်းတည်ဆောက်မည်ဟု ထရန့် ပြော

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က အမေရိကန် ပြည်ထောင်စုနှင့် မက္ကဆီကိုနယ်စပ်၌ တံတိုင်းတစ်ခု တည်ဆောက်မည် ဆိုသော ၄င်း၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကတိကဝတ်ကို ထပ်မံပြောကြားလိုက်သည်။

နိုဝင်ဘာ ၁၃ ရက်က CBS ရုပ်သံ ဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှု တစ်ခုအတွင်း ထရန့်က ၄င်းသည် နယ်စပ်ဒေသတချို့တွင် တံတိုင်းတစ်ခုတည်ဆောက်မည့်အစား ခြံစည်းရိုးခတ်ခြင်းကို လက်သင့်ခံမည် ဖြစ်သော်လည်း ဒေသတချို့တွင် တံတိုင်းတစ်ခုတည်ဆောက်ခြင်းက ပိုမိုသင့်လျော်ကြောင်း ပြောကြားသည်။

တိုင်းပြည်အတွင်း တရားမဝင်ဝင်ရောက်လာခဲ့သော ပြစ်မှုမှတ်တမ်း များရှိသည့် ပြည်ပမှအခြေစိုက်ရန် ဝင်လာသူများအား နိုင်ငံအတွင်းမှ နှင်ထုတ်ရေးကိုလည်း ထရန့်က ပြောကြားခဲ့သည်။

ဂိုဏ်းသားများနှင့် မူးယစ် ကုန်သည်များအပါအဝင် အမေရိကန် ပြည်ထောင်စုအတွင်း ယင်းသို့သော အခြားနိုင်ငံမှ အခြေစိုက်ရန်ဝင်လာသူ နှစ်သန်း သို့မဟုတ် သုံးသန်းရှိကြောင်း၊ နယ်စပ်ထိန်းချုပ်မှု သေချာအောင်ပြု လုပ်ပြီးပါက ပြည်ပမှအခြေစိုက်ရန် တရားမဝင် ဝင်လာသူများနှင့် ပတ်သက်၍ ဘာပြုလုပ်မည်ဆိုသည် ကို သူဆုံးဖြတ်မည်ဖြစ်ကြောင်း ထရန့် က ဆိုသည်။

နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်သော ဝါရှင်တန်ပို့စ်သတင်းစာ ABC News စစ်တမ်းသစ်တစ်ရပ်တွင် ထရန့်၏ ရွေးကောက်ပွဲအောင်မြင်မှုကို တရားဝင်သည်ဟု လက်သင့်ခံကြောင်း စစ်တမ်းကောက်ယူခဲ့သည့် အမေရိကန်နိုင်ငံသားများ၏ ၇၄ ရာခိုင်နှုန်းက ပြောကြားသော်လည်း ဟီလာရီကလင်တန် ထောက်ခံသူများ ၏ ၃၃ ရာ ခိုင်နှုန်းက လက်သင့်မခံကြောင်း ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုတစ်ဝန်း မြို့ကြီး အသီးသီး၌ ထရန့်အား ကန့်ကွက် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ၄င်းအပေါ် အမေရိကန် နိုင်ငံသားများကြား နက်ရှိုင်းသော ကန့်ကွက်မှုတစ်ရပ် ရှိနေဆဲဖြစ်သည်။

Credit - MOI WebPortal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။