ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် နိုဝင်ဘာ ၃ ရက် ကကျင်းပခဲ့သော One Championships Hero's Dream Open Weight Super-Bout ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Middle Weight တန်းမှ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က စိန်ခေါ်သူ Heavy Weight တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ ချန်ပီယံ (ဟောင်ကောင်) ကိုယ်စားပြု အလိန်းဂါလာနီအား ပထမအချီ ၄ မိနစ် ၃၁ စက္ကန့်တွင် ထိုက်ထိုက်တန်တန် အနိုင် ရရှိခဲ့ပါတယ်။ 

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာအား ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သို့ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။

ထို့နောက် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်မှ ယခုကဲ့သို့ ဂုဏ်ပြုပေးခြင်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

သတင်း - အေကေလင်း / ဓာတ်ပုံ-တင်စိုး (မြန်မာ့အလင်း) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။