နိုဝင်ဘာ ၄ ရက်နေ့ က ပအိုင်းဌာနေပြည်သူ့စစ်အဖွဲ (ပီအန်အေ) မှ ဗိုလ်လေးသိန်းတိုး သည် မူးယစ်ပြီး လက်နက်မဲ့ ပြည်သူ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပီအန်အေဗဟိုဌာနချုပ် မှ ထုတ်ပယ်လိုက်တယ် လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ဆက်သေရွာ တွင် ကထိန်ပွဲ ကျင်းပနေစဉ် အတော အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပီအန်အေ ဗဟိုဌာနချုပ် ဗိုလ်မှူး ခွန်အောင်သိန်း က ဒဏ်ရာရ ပြည်သူ နှစ်ဦး ၏ မိဘများအား တွေ့ဆုံ ပြီး ဗိုလ်လေးသိန်းတိုး အား ဥပဒေအရ အရေးယူရန် သို့မဟုတ် ဖြစ်စဉ်ကို ကျေအေးပေးရန် တောင်းဆိုဆွေးနွေးခဲ့ ပြီး ဒဏ်ရာ ရရှိသူများဘက်မှ ကျေအေး ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

"ကျနော်တို့ ဌာနချုပ်ကနေပြီးတော့ ဒဏ်ရာရသူတို့မိဘတွေကို သွားတွေ့တယ် ဥပဒေ အတိုင်း အရေးယူမလား ဘယ်လိုလုပ်ချင်လဲ သွားဆွေးနွေးတဲ့အခါ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးချင်တယ်ဆိုတဲ့တော့ ဒဏ်ရာရသူနှစ်ဦးကို ဆေးကုသစရိတ် ကျနော်တို့ ကူညီမယ် တာဝန်ယူမယ်။ ဗိုလ်လေးသိန်းတိုးကိုတော့ ကျနော်တို့အရေးယူပြီး ပီအန်အေအဖွဲ့ကနေ ထုတ်ပယ်လိုက်ပြီ။ သူနဲ့ ပီအန်အေက မဆိုင်တော့ဘူး ဒီလိုမဆင်မခြင်လုပ်ဖို့ ခွင့်မပြုထားဘူး။ လက်နက်က ပြည်သူကို ကာကွယ်ဖို့ပေးထားတာ အနိုင်ကျင့်ဖို့ ပေးထားတာ မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါတယ်။

ပီအန်အေဗဟို ဌာနချုပ်က ဒဏ်ရာပြင်းထန်သူ ခွန်းနွေဦးကို ငွေကျပ် ၃၅သိန်း၊ ဒဏ်ရာ အသင့်တင့် ရရှိခဲ့သော ခွန်းနိုင်ဦးကို ငွေကျပ် ၈သိန်း ဆေးကုသစရိတ် ထောက်ပံပေးခဲ့ တယ်လို့ သိရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။