အခုခေတ်ကလေးတွေက Phone, iPad, tablet စတာတွေနဲ့ ဂိမ်းဆော့လေ့ ရှိကြပါတယ်။ မိဘ အများစုကလည်း ကလေးတွေ ဂိမ်းဆော့ရင်း ငြိမ်နေလို့၊ နေပူထဲ မထွက်လို့ ၊ အိမ်ပြင်မထွက်လို့၊ အလုပ်ကောင်းကောင်းလုပ်ရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကလေးတွေကို မဆုံးမဘဲ လွှတ်ထားလေ့ ရှိကြပါတယ်။ ဒီလို ဖုန်းတွေနဲ့ ဂိမ်းကစားတာ အချိန်ကြာလာတဲ့အခါ ကျန်းမာရေးကိုရော ဦးနှောက် အသိဉာဏ်တွေကိုပါ ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ကလေးတွေအတွက် စာအုပ်ဖတ်တာ၊ ပုံဆွဲတာ၊ အိမ်ပြင်ထွက် ကစားတာမျိုးတွေ ရှိသင့်ပါတယ်။ စာဖတ်ခြင်းမှာ ပျော်မွေ့နိုင်ရန်/ အလေ့အကျင့်ဖြစ်စေရန် မိဘ/ အုပ်ထိန်းသူတွေက လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။ ဒီ့အတွက် နည်းလမ်းကောင်းတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ 

၁။ တီဗွီမရှိတဲ့ အခန်းမှာ ကလေးငယ်ကို သိပ်ပါ။ သူ့အနားမှာ စာအုပ်တွေ များများထားပေးပါ။ စာနည်းနည်းနဲ့ ရောင်စုံရုပ်ပုံလေးတွေပါတဲ့ စာအုပ်လေးတွေဆို ပိုကောင်းပါတယ်။ ငယ်ငယ်လေးကတည်းက စာအုပ်ကို နေ့တိုင်း မြင်တွေ့နေရင် ကြီးလာရင် စာအုပ်ဖတ်ချင်စိတ်ဖြစ်နေမယ်။

၂။ စာဖတ်ရင် ကလေးနားမှာ ဖတ်ပါ။ ကလေးဟာ စာအုပ်ကိုင်ဖတ်တာကို အတုယူပြီး စာဖတ်ချင်စိတ် ပေါ်လာလိမ့်မယ်။

၃။ ကလေးနည်းနည်း ကြီးလာရင် သူ့အတွက် ကိုယ်ပိုင်စာအုပ်စင်လေး ဝယ်ထားပေးပြီး သူကြိုက်တဲ့ စာအုပ်လေးတွေ တင်ထားပေးပါ။ ကလေးစာအုပ်များများ ထားပေးပါ။ စာဖတ်တတ်လာရင် သူကြိုက်တဲ့ စာအုပ်ကို ဖတ်ပါလိမ့်မယ်။

၄။ ကလေး စာဖတ်နေရင် အနားမှာ နေပေးပါ။ သူ နားမလည်တာကို ရှင်းပြပေးရင် ကလေးဟာ စာအုပ်ကို ဆက်ဖတ်ပါလိမ့်မယ်။ ရှင်းပြမယ့်သူ အနားမှာ မရှိရင် ကလေးဟာ စာကို နားမလည်လို့ ဆက်ဖတ်မှာ မဟုတ်တော့ဘူး။

၅။ တချို့မိဘတွေဟာ ညမအိပ်ခင် ကလေးငယ်ကို ပုံပြင်စာအုပ်လေးတွေ ဖတ်ပြသလို ကလေး နည်းနည်းကြီးလာရင်လည်း ဒါကို မရပ်ဘဲ စာဖတ်ပြခြင်းကို လုပ်သင့်တယ်။ ကလေးကြီးလာတဲ့အခါ စာဖတ်ကျင့်ရသွားပါလိမ့်မယ်။

၆။ ကလေးကို ချီးကျူးတဲ့အခါ၊ အသိအမှတ်ပြုတဲ့အခါမျိုးမှာ စာအုပ်နှင့် ဆုချပါ။ ကလေးကို လက်ဆောင်ပေးချင်ရင် စာအုပ်လက်ဆောင်ပေးဖို့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို မှာထားပါ။

၇။ ကလေးနည်းနည်း ကြီးလာရင် ကိုယ်ဖတ်ထားတဲ့ စာအုပ်ထဲက အကြောင်းလေးတွေကို ပြောပြပေးပါ။ သူသိချင်စိတ်ပြင်းပြလာရင် သူ့ကိုယ်တိုင် စာအုပ်ဖတ်ပါလိမ့်မယ်။

၈။ စာအုပ်တစ်အုပ်ဖတ်ပြီးတိုင်း ကလေးကို ချီးကျူးပါ။ ကလေးဟာ မိဘရဲ့ ချီးကျူးတာကို ခံချင်လို့ စာအုပ်ကို ပိုဖတ်ပါလိမ့်မယ်။

၉။ စာကြည့်တိုက်၊ စာအုပ်ဆိုင်တွေကို ကလေးကို ခေါ်သွားပါ။ စာအုပ်တွေ အများကြီးတွေ့ရင် ကလေးဟာ စာအုပ်တွေကို စိတ်ဝင်စားလာလိမ့်မယ်။

၁၀။ စာဖတ်ဖို့ ကလေးကို စာတစ်အုပ်ဖတ်ပြီးတိုင်း မုန့်ဖိုးဆုချတဲ့ အကျင့်လုပ်ပါ။

အသိပညာ၊ ဗဟုသုတ၊ အကြံဉာဏ်ကောင်းများစွာ စာအုပ်ထဲမှာ ရှိတာမို့ စာဖတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခုကို ငယ်စဉ်ကတည်းက အကျင့်ဖြစ်နေစေဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ကလေးတွေအတွက် မိသားစု၊ မိဘရဲ့ ပြုစုပျိုးထောင်ပုံကလည်း အလွန်အရေးပါ ပါတယ်။ ဒီအချက်တွေကို ကိုယ်တိုင်ရော ပတ်ဝန်းကျင်ရော ဗဟုသုတရရှိစေရန် ပြန်လည်ဝေမျှပေးလို်က်ပါတယ်။

သတင်းအရင်းအမြစ် - ဗန်းမော်သိန်းဖေ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။