တချို့ အိမ်ထောင်ရှင်တွေ အနေနဲ့ ပထမ အကြိမ် ကြိုးစားမှု မှာပဲ ကိုယ်ဝန် ရနိုင်သလို တချို့အိမ်ထောင်ရှင်တွေ ကတော့ ကိုယ်ဝန် မရတာက လပေါင်းများစွာ ကြာတတ်ပါတယ်။ ကလေးဆိုတာ အိမ်ရဲ့ ဆည်းလည်းဖြစ်တာမို့ အိမ်ထောင်တစ်ခုမှာ မိခင်လောင်းနဲ့ ဖခင်လောင်းဖြစ်ချင်ကြသလို မြန်မြန် ကိုယ်ဝန်ရလို ကြပါတယ်။

အမျိုးသမီး တစ်ယောက်ရဲ့ ကိုယ်ဝန် ရနိုင်ခြေကို လွှမ်းမိုးနေတဲ့ အချက်တွေ ရှိပါတယ်။ ဒါ့ကြောင့် ကလေး လိုချင်တဲ့ အိမ်ထောင်ရှင်တွေ အနေနဲ့ ကိုယ်ဝန် ရနိုင်ခြေကို ပိုများအောင် လုပ်ဆောင်နိုင်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ပုံမှန် ဆက်ဆံမှုနဲ့ မှန်ကန်တဲ့ အချိန် ဖြစ်ပါစေ။

ကလေးလိုချင်ပြီး မရတဲ့ စုံတွဲ အများစုဟာ ပုံမှန် လိင်ဆက်ဆံ မှုရှိတာ ဒါမှမဟုတ် လတစ်လရဲ့ မှားယွင်းတဲ့ အချိန်မှာသာ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဖြစ်တတ်ပါတယ်။

(၂) အမျိုးသမီးအနေနဲ့ ဘယ်ရက်တွေမှာ မျိုးဥ ကြွေနိုင်လဲ ဆိုတာကို သိထားဖို့ လိုပါတယ်။

ယေဘုယျ အားဖြင့်တော့ မျိုးဥကြွေတာဟာ ဓမ္မတာ ရာသီ စက်ဝန်းရဲ့ အလယ်၊ ရာသီ စလာတဲ့ ရက်ကနေ စရေ တွက်ရင် ၁၄ ရက်မြောက်နေ့ ဝန်းကျင်ရက် တွေမှာ လိင်ဆက်ဆံမှု ရှိရင် ကိုယ်ဝန်ရနိုင်ခြေက အများဆုံးပါပဲ။

(၃) လိုအပ်လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

အရေးကြီးတဲ့ ဒီလို မျိုးဥကြွေတဲ့ ရက်တွေကို အတိအကျ သိချင်ရင် အမျိုးသမီးရဲ့ ဆီးထဲက ဟော်မုန်း အဆင့်ကို တိုင်းတာတဲ့ နည်းတွေလည်း ရှိပါတယ်။ ဒီအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံ ပြီးနောက်မှာ အမျိုးသမီးဟာ ပက်လက်လဲ လျောင်းပြီး တင်ပါး အောက်မှာ ခေါင်းအုံး တစ်လုံးခံ ထားရင် သားအိမ်ခေါင်းကို သုက်ရည်နဲ့ တတ်နိုင်သမျှ များများ ထိတွေ့စေတဲ့ အတွက် ကိုယ်ဝန် ရနိုင်ခြေကို များစေပါတယ်။

(၄) ကိုယ်အလေးချိန် လျှော့ပြီး မျှတတဲ့ အစာအာဟာရတွေ စားပါ

အဝလွန်တဲ့ အမျိုးသမီးတွေ ဒါမှ မဟုတ်ပိန်လွန်းတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် ရနိုင်ခြေ နည်းတယ်လို့ သားဖွား မီးယပ် အထူးကု ဆရာဝန်က ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်အလေးချိန် နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်းဟာ ဓမ္မတာ ရာသီ စက်ဝန်းရဲ့ မှန်ကန် မှုနဲ့ မျိုးဥကြွေမှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့်ပါ။ မိခင်လောင်းရော၊ ဖခင်လောင်းပါ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ အများ အပြားပါတဲ့ အစာအာဟာရ တွေကို စားပြီး လိုအပ်ရင် အားဖြည့်ဆေး သောက်ပါ။

(၅) ကဖင်းဓာတ်သောက်သုံးမှုကို လျှော့ပါ

ကဖင်းဓာတ် အများအပြား သောက်သုံးရင် ခန္ဓာကိုယ်က သံဓာတ် စုပ်ယူမှုကို လျော့နည်း စေပြီး ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင် ပြဿနာတွေကို ဖြစ်စေ နိုင်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကဖင်းဓာတ် ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာတွေကို လျှော့သောက်ဖို့ လိုပါတယ်။ ကဖင်းပါတဲ့ အရည်တွေ မသောက်ဘဲ နွားနို့နဲ့ ဒိန်ချဉ်ကို များများ သောက်ပေးရင် ကယ်လ်စီယမ် ရရှိမှု များစေပြီး ကိုယ်ဝန်ဆောင် နိုင်ဖို့ အတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။

(၆) ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး သုံးစွဲမှု ရှောင်ကြဉ်ပါ

ဆေးလိပ် သောက်ခြင်းဟာ အမျိုးသမီးရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေပြီး အမျိုးသား မှာလည်း သုတ်ပိုး အရေအတွက်ကို ကျဆင်း စေပါတယ်။ ဒါ့အပြင် ဆေးလိပ် သောက်ခြင်းဟာ ခန္ဓာကိုယ်က ဇင့်ဓာတ်နဲ့ ဗီတာမင်စီလိုမျိုး အရေးကြီး အာဟာရ ဓာတ်တွေ စုပ်ယူမှုကို တားဆီးထားပြီး သွေးထဲမှာ ကဒ်မီယမ်နဲ့ ခဲလိုမျိုး အဆိပ် အတောက် တွေရဲ့ အဆင့်ကို ပိုများ စေပါတယ်။ 

(၇) ဖောလစ်အက်စစ် အားဆေးသောက်ပါ

ဖောလစ် အက်စစ်ဟာ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော စနစ်ကို ထိခိုက်စေတဲ့ မွေးရာပါ ချို့ယွင်းမှုတွေ ဖြစ်ပွားမှုကို လျော့နည်း စေတာကြောင့် ကလေးယူဖို့ ပြင်ဆင်နေချိန်မှာ ဖောလစ် အက်စစ် သောက်သင့် ပါတယ်။ အစားအသောက်ကနေ ဖောလစ်အက်စစ် လုံလောက်အောင် ရရှိဖို့ မလွယ်တာကြောင့် ဖောလစ်အက်စစ် အားဆေး သောက်ပါ။

(၈) စိတ်ဖိစီးမှုလျှော့ပါ

အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု ခံစားရရင် Prolactin ခေါ်တဲ့ ဟော်မုန်း တစ်မျိုး ထုတ်လုပ်မှုကို များစေ ပါတယ်။ ဒီဟော်မုန်းက မျိုးဥကြွေတာကို အနှောင့်အယှက် ဖြစ်စေပြီး ကိုယ်ဝန် ရနိုင် ခြေကို နည်းစေပါတယ်။ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု ခံစားရရင် Prolactin ခေါ်တဲ့ ဟော်မုန်း တစ်မျိုး ထုတ်လုပ်မှုကို များစေပါတယ်။ ဒီဟော်မုန်းက မျိုးဥကြွေတာကို အနှောင့်အယှက် ဖြစ်စေပြီး ကိုယ်ဝန် ရနိုင်ခြေကို နည်းစေပါတယ်။ အမျိုးသားရော၊ အမျိုးသမီးပါ ကလေးလိုချင်ရင် စိတ်ဖိစီးမှု လျော့နည်းစေဖို့ အလုပ်တွေ လျှော့တာနဲ့ ယောဂ ကျင့်တာလိုမျိုး ဖြေလျှော့တာတွေ လုပ်ဆောင် သင့်ပါတယ်။

(၉) ဖခင်ဖြစ်လိုသူများ အောက်ပါအချက်တွေကို အထူးလိုက်နာပါ

ရေပူချိုးတာ၊ တင်းကျပ်လွန်တဲ့ အောက်ခံ ဘောင်းဘီနဲ့ အပြင်ဝတ် ဘောင်းဘီ ကျပ်ကျပ်တွေ ဝတ်ဆင်တာ၊ Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ထားပြီး သုံးတာတွေကို ရှောင်ပါ။

ကျန်းမာတဲ့ အိမ်ထောင်ရှင်တွေ ဖြစ်သော်လည်း တစ်လမှာ ကိုယ်ဝန် ရနိုင်ခြေက ၂၀-၂၅ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကြိုးစားပြီး ကလေးယူနေရက်နဲ့ တစ်နှစ်ကျော် ကြာတဲ့အထိ ကလေး မရနိုင်ရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်ကို တိုင်ပင်ပြီး အကူအညီရယူဖို့ လိုအပ်ပါတယ်။ အားလုံးပဲ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ ။

Credit : Good Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။