ဖုန်းကိုအားသွင်းရင် သီချင်းနားထောင်တယ်ဆိုတာ အလွန်ကို အန္တရာယ်များပါတယ်။ စာဖတ်သူပရိသတ်ကြီးအနေဖြင့်လည်း ရှောင်ရှားသင့်ပါတယ်။ ယခုကိစ္စကတော့ အမျိုးသားတစ်ဦး ဖုန်းကိုအားသွင်းရင်းသီချင်းနားထောင်နေတုန်း ဓာတ်လိုက်ကာသေဆုံးသွားပါတယ်။ ယခုဖြစ်ရပ်ကတော့ ထိုင်းမှာဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှ အမျိုးသားတဦးဟာ ဖုန်းအားသွင်းထားရင်း နားကြပ်နဲ့ သီချင်းနားထောင်နေချိန်မှာ ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ နိုဝင်ဘာ ရ ရက်နေ့ ညပိုင်းက ဆီရိဆွန်ထောင်ဒေသတွင်းက သေဆုံးသူ ငှားရမ်းနေထိုင်ရာ အိမ်ထဲမှာ ဖြစ်ခဲ့တာလို့ သည်ဖူးခက်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီအမျိုးသားဟာ မွေ့ယာပေါ်မှာ မျက်နှာမှောက်လျက်သား အခြေအနေနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး ဖုန်းကတော့ လျှပ်စစ်အားသွင်းခုံမှာ အားသွင်းထားဆဲ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၅၇ နှစ်အရွယ် ခရစ်တ်ဆာဒါ ဂျွန်ဂရက်ခ်ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရဲတွေ ရောက်ရှိလာချိန်မှာတော့ အခန်းတွင်းမှာ တခြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရတဲ့ အခြေအနေမျိုး မတွေ့ခဲ့ရဘဲ ဒါဟာ ဓာတ်လိုက်သေဆုံးတာပဲ ဖြစ်နိုင်တယ်လို့ သာလန်းခရိုင်ရဲဌာန ဗိုလ်မှူးကြီး ခရိုင်ဆွန် ဘွန်ပရာဆွတ်က ပြောပါတယ်။

ခရစ်တ်ဆာဒါရဲ့ သူငယ်ချင်းတယောက်က သူတို့ ၂ ယောက်ဟာ ဘိလပ်မြေစက်ရုံတရုံမှာ အတူတူ အလုပ်လုပ်ကြတာဖြစ်ပြီး ခရစ်တ်ဆာဒါကို နောက်ဆုံးတွေ့ခဲ့တာ နိုဝင်ဘာ ၅ ရက်နေ့ ည ၉ နာရီမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် အလုပ်လည်းမလာ၊ ဖုန်းလည်းဆက်လို့ မရတော့ သူတယောက်တည်းနေတဲ့ အခန်းကို သွားစုံစမ်းရင်း ခုလိုတွေ့ခဲ့တာလို့ ပြောပါတယ်။ ငှားရမ်းနေထိုင်ရာ တိုက်ခန်းဆီ ရောက်ချိန်မှာ ပိုင်ရှင်ဖြစ်သူက သူလည်း ခရစ်တ်ဆာဒါကို မတွေ့တာ ကြာနေတဲ့အတွက် ၂ ယောက်အတူ အခန်းဆီ သွားကြည့်ခဲ့ချိ်န်မှာ သေဆုံးနေတာ တွေ့လို့ ရဲတွေကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ “ဒီအခြေအနေမှာတော့ ခရစ်တ်ဆာဒါဟာ လျှပ်စစ်ရှော့ခ်ဖြစ်ပြီး သေဆုံးရတာဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်” လို့ ခရိုင်ဆွန်က ပြောပါတယ်။ လက်ရှိမှာတော့ ခရစ်တ်ဆာဒါရဲ့ အလောင်းကို သာလန်းဆေးရုံဆီ ပို့ဆောင်ထားပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်နေကာ သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေသွားမယ်လို့ ပြောပါတယ်။

Source – DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။