မန္တလေးမှာနေတဲ့သူတွေကတော့ သိရင်သိမှာဖြစ်ပေမယ့် ရောက်ဖူးသူတွေရော မရောက်ဖူးသူတွေရော မသိလောက်သေးတဲ့ မန္တလေးတောင်ပေါ်က မြွေကြီးနှစ်ကောင်အကြောင်း ဖော်ပြပေးချင်ပါတယ်။

မန္တလေးတောင်လို့ ဆိုလိုက်တာနဲ့ မြွေကြီးနှစ်ကောင် ဆိုတာကို ရောက်ဖူးသူရော မရောက်ဖူးသူများပါ တန်းသိကြမှာပါ။ မန္တလေးနဲ့ ပတ်သတ်တဲ့သီချင်းတွေမှာ ဒီမြွေကြီးနှစ်ကောင် အကြောင်းက မပါမဖြစ် ပါလေ့ရှိတဲ့အတွက်ကြောင့်ပါ။ ဒီမြွေကြီးနှစ်ကောင်ရဲ့ အကြောင်းကို ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်။

တချို့ကတော့ ဒီမြွေကြီးတွေကို ရသေ့ကြီး ဦးခန္တီ တောရှင်းတော့တွေ့တာ လို့ပြောလေ့ရှိပါတယ်။ ဒါဟာ မဟုတ်ပါဘူး။ မြွေကြီးတွေရှိတုန်းက ဦးခန္တီမရောက်သေးပါ။ မြန်မာသက္ကရာဇ် ၁၂၆၆ ခုနှစ်က မန္တလေးတောင်မှာ ဘုန်းတော်ကြီး ဦးနန္ဒိယ ကြီးမှူးပြီး ဗျာဒိတ်ညွှန်းဘုရားရုပ်တုတော် ထုလုပ်နေခဲ့ပါတယ်။ 

အဲဒီအချိန်လော က်က မန္တလေး မြောက်ပြင်လင်ဇင်းရပ်ထဲက ပန်းပဲဆရာလည်း ဟုတ် ၊ ဆေးဆရာဆိုလည်းဟုတ်တဲ့ ဦးဘေရဲ့ အိမ်ဝင်းထဲကို ညတစ်ညမှာ စပါးအုံးမြွေကြီးနှစ်ကောင် ဟာ ဘယ်ကမှန်းမသိပဲ ရောက်နေခဲ့ပါတယ်။ မနက်လင်းမှတွေ့ကြတော့ မောင်းထုတ်ပေမယ့် မသွားကြတဲ့အတွက် ဦးဘေဟာ မြွေဆရာ ဦးလုံးကိုခေါ်ပြပါတယ်။

ဦးလုံးက ဆရာဘေရယ် ဒီမြွေကြီးတွေကရန်မပြုတတ်ပါဘူး ၊ မြွေကောင်းကြီးတွေပါ ၊ ကျွန်တော်ပဲ ယူသွားမယ် လို့ဆိုပြီး ယူသွားပါတယ်။ အဲဒီနောက် ဦးလုံးဟာမြွေကြီးတွေကို ပြစားပါတော့တယ်။ လူစည်တဲ့ဈေးလိုနေရာတွေ နဲ့ ဘုရားတွေပွဲတွေမှာ လှည့်လည်ပြလေ့ရှိပါတယ်။

အချိန်အတော်ကြာပြီးတစ်နေ့မှာ ဒီမြွေကြီးနှစ်ကောင်ရဲ့သတင်းကို ဘုန်းတော်ကြီး ဦးနန္ဒိယက ကြားသွားတဲ့အတွက် ဦးလုံးကို ဒီ”မြွေကြီးတွေနဲ့ ပိုက်ဆံအတော်အသင့် ရလောက်ပါပြီ။ မြွေကြီးတွေကို ဘုန်းကြီးလှူပါ။ ဘုရားရုပ်ထု ထုသူ တွေရော ၊ ဘုရားဖူးလာသူတွေရာ အပန်းပြေ အပျင်းပြေအောင် မန္တလေးတောင်ခြေမှာထားချင်တယ်” လို့ပြောပြီး ဦးလုံးဆီကအလှူခံသတဲ့။

ဦးလုံးကလည်း ငွေ ၂၀ဝ ၊ ၃၀ဝ ကျပ်လောက် ရနေပြီဆိုတော့ ဘုန်းတော်ကြီးကို မြွေကြီးနှစ်ကောင် လှူလိုက်ပါတယ်။(အဲဒီတုန်းက ငွေ ၂၀ဝ ဆိုတာနည်းမှမနည်းပဲကို)

အဲဒီနောက် မန္တလေးတောင်အတက်က ခြင်္သေ့ကြီးနှစ်ကောင် အနားမှာ မြွေကြီးနှစ်ကောင်ကို ထားလိုက်ပါတယ်။ ချက်ချင်းနာမည်ကြီးသွားပြီး လူစည်ကားသွား ပါတော့တယ်။ မြွေကြီးနှစ်ကောင်ကြောင့်လူစည်ကားမှန်းသိပေမယ့် ဘုန်းကြီး ဦးနန္ဒိယက ၁နှစ် နဲ့ ၈လ အကြာမှာ “ရုပ်ထုလည်း ထုပြီးသွားပါပြီ ၊ ဘုရားအစ်မတို့ သွားလိုရာသွားကြပါတော့” လို့ပြောပြီး ရန်ကင်းတောင်ဘက်ကတောထဲမှာ လွှတ်ပေးလိုက်ပါတယ်။ မြွေကြီးတွေဟာ တွင်းကြီးတစ်တွင်းထဲဝင်သွားပြီးတဲ့နောက် သူတို့ရဲ့သတင်းကိုလုံးဝမကြားရတော့ပါဘူး။

မြွေကြီးတွေ မရှိတော့ပေမယ့် “စခန်းမဝေးပေါင် မန္တလေးတောင် မြွေကြီး ၂ ကောင် သွားလို့ကြည့်ရအောင်” ဆိုတဲ့ သီချင်းကတော့ ကျန်နေခဲ့ပါတယ်။ ဒါကြောင့် ရသေ့ကြီး ဦးခန္တီက မန္တလေးတောင်ပေါ်မှာ သံမြွေဟောက်အရုပ်ကြီးနှစ်ကောင်ကို သွန်းလုပ်စေပြီး တင်ထားလိုက်ပါတယ်။ အစတုန်းက မြွေရုပ်ကြီးနှစ်ရုပ်ကို ရှေ့ဆင့်နောက် ဆင့်ထားခဲ့ပေမယ့် အခုတော့ ဆေးတွေသုတ်ကာ နှစ်ကောင်ယှဉ်ထားပြီး သံဆန်ခါနဲ့ ကာထားလိုက်ပါတယ်။

Ref:

ကျွန်မတို့ မန္တလေးက မန္တလေးတောင် – လူထုဒေါ်အမာ

မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့် 

Source: ayesay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။