နိုဝင်ဘာ ၁၅ ရက်နေ့စတင်ပြီး စစ်ကိုင်း ပြတ်ရွေ့ရဲ့ မန္တလေး အမရပူရကနေ နေပြည်တော် အပိုင်းကို မြန်မာနိုင်ငံ မြေငလျင် ကော်မတီ၊ မြေတိုင်း ဦးစီးဌာနနဲ့ စင်္ကာပူအခြေစိုက် ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေး အဖွဲ့တို့ ပူးပေါင်း လေ့လာမှာ ဖြစ်ပါတယ်။၂၀၁၂ မှာ သပိတ်ကျင်း မြေငလျင် လှုပ်ခဲ့တာကလွဲရင် စစ်ကိုင်းပြတ်ရွေ့ ကျောရဲ့ ကျန်တဲ့ အပိုင်းကမလှုပ်ခဲ့သလောက်ဖြစ်နေတဲ့အတွက်ရွေးချယ်လေ့လာရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ရှင်းပြပါတယ်။

၁၈၃၉က ၁၉၅၆ အတွင်း လှုပ်ခတ်ခဲ့တဲ့ အင်းဝ၊ ဆွာ၊ ပဲခူး၊ ဖြူး စစ်ကိုင်းငလျင်တွေက စစ်ကိုင်း ပြတ်ရွေ့ရဲ့ အစိတ်အပိုင်းတွေကနေ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ဒီလိုလေ့လာရာမှာ စစ်ကိုင်း ပြတ်ရွေ့နဲ့ ဆက်နွယ်နေတဲ့ ချောက်မြို့နယ် အတွင်းမှာ ရှိနေတဲ့ ဂွေးချို နဲ့ ကဘော် ပြတ်ရွေ့တွေကိုပါ ပူးတွဲလေ့လာသွားဖို့ ရှိနေပါတယ်။အတိတ်ကာလက လှုပ်ခဲ့တဲ့ ငလျင်တွေရဲ့ပြင်းအား၊ဒီငလျင်တွေကြောင့် ရွေ့သွားတဲ့အနည်အနှစ် တွေကိုနည်းပညာတွေအသုံးပြုကာ လေ့လာမှာ ဖြစ်ပါတယ်။ ဒါအပြင် ပြတ်ရွေ့တွေရဲ့ ရွေ့လျားမှုနှုန်း အလျား အနက်တွေကို တိုင်းတာမှာလည်း ဖြစ်ပါတယ်။

အခု စစ်ကိုင်း ပြတ်ရွေ့ကျော လေ့လာမှုက တဆင့် နောင်အနာဂတ်မှာ လှုတ်ခတ်လာနိုင်မယ့် ငလျင်တွေကို ခန့်မှန်းနိုင်မယ့်အကြောင်းကို ဒေါက်တာ မျိုးသန့်က ပြောပါတယ်။ဒါပေမယ့် အနာဂတ်မှာ လှုပ်ခတ်မယ့် ငလျင်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းဖို့ အကန့်အသတ်တွေ ရှိနေလို့ သူက ပြောပါတယ်။မြန်မာနိုင်ငံမှာ ဘေးတိုက် အထက်အောက် တွန်းတင်နေတဲ့ ပြတ်ရွေ့ အမြောက် အမြား ရှိနေပြီး ဒီအထဲမှာ စစ်ကိုင်း၊ ကဘော်၊ ဂွေးချို၊ အနောက် ပဲခူးရိုးမ၊ ကျောက်ကြမ်း၊ နမ်းပွန်၊ မိုးမိတ်၊ နမ့်မ စတဲ့ ပြတ်ရွေ့တွေက ထင်ရှားတယ်လို့ သူက ရှင်းပြပါတယ်။

၂၀၁၆ မတ်လကလည်း မြန်မာနိုင်ငံ တဝန်း တက္ကသိုလ် ဘူမိဗေဒဌာနက ငလျင် အကြောင်း သုတေသန လုပ်ဆောင်နေတဲ့ဆရာ/ဆရာမတွေ၊ မြေငလျင်ကော်မတီနဲ့စင်ကာပူ အခြေစိုက် ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေး အဖွဲ့တို့ ပူးပေါင်းပြီး စစ်ကိုင်းမြို့ ပတ်ဝန်းကျင်မှာ လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Source -BBC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။