အစာအိမ်အနာရှိသူများ၊ အစာအိမ် သမားများ အနေနဲ့ မတည့်တဲ့အစာစားမိရင် မိနစ်ပိုင်းအတွင်းမှာပဲ အလွန်အမင်း ဗိုက်အောင့်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ ရင်ပူနာ၊ ပျို့တာ၊ အန်တာနဲ့ လေပွတာတွေက မတည့်တဲ့ အစား အစာတွေ စားမိလို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစာအိမ်အနာရှိသူတွေအနေနဲ့ အစားအသောက်ကို ရွေးချယ်ပြီး စားသောက်ရပါမယ်။ အောက်ပါအစားအစာတွေက အစာအိမ်အနာကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာနိုင်သလို အနာကျက်ဖို့လည်း ကူညီနိုင်ပါတယ်။

၁။ သစ်သီးများ

သစ်သီးတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင်ဓာတ်တွေ များစွာ ပါ၀င်တာကြောင့် အစာအိမ်အနာရှိသူတွေ စားသင့်ပါတယ်။ ဒါပေမဲ့ အက်စစ် ဓာတ်ပါ၀င်မှုများတဲ့ သစ်သီးတွေကတော့ ဝေဒနာကို ပိုဆိုးရွားစေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ ကီဝီသီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ ပန်းသီး၊ ပန်းသစ်တော်၊ ဘယ်ရီသီး၊ ထောပတ်သီး၊ သင်္ဘောသီးနဲ့ သခွားသီးတွေက အက်စစ်ပါ၀င်မှုနည်းတာမို့ အစာအိမ်အနာရှိသူတွေ စားသုံးသင့်တဲ့ သစ်သီးတွေပဲ ဖြစ်ပါတယ်။ 

၂။ ပျားရည်

ပျားရညက ချိုပြီး အာဟာရပြည့်ဝတဲ့အပြင် ဘက်တီးရီးယားကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ဟာ H-Pylori ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်တဲ့ အစာအိမ်အနာကို ကုသဖို့ အလွန်ကောင်းမွန်ပါတယ်။ မနက်အိပ်ရာ ထခါစမှာ စားပွဲဇွန်းတစ်ဇွန်းစာ ပျားရည်ကို သောက်ပြီး ဗိုက်အောင့်တာနဲ့ တစ်ဇွန်း သောက်ပေးပါ။

၃။ ဟင်းသီးဟင်းရွက်များ

ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီ၊ ကိုက်လန်၊ မုန်လာဥဝါလိုမျိုး Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်တွေမှာ ဘက်တီးရီးယားကို တွန်းလှန်နိုင်ပြီး အဆိပ်အတောက်တွေကို ပျက်ပြယ်စေတဲ့ ဂုဏ်သတ္တိရှိတဲ့ ဆာလဖာသတ္တုဓာတ်တွေ များစွာ ပါ၀င်ပါတယ်။ ဒါ့အပြင် သူတို့မှာပါ၀င်တဲ့ အမျှင်ဓာတ်များစွာ ၀မ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပြီး ကိုယ်အတွင်း လူ့အကျိုးပြုဘက်တီးရီးယားတွေ ပွားများနိုင်အောင် ကူညီပေးပါတယ်။  

၄။ ဒိန်ချဉ်

အစာအိမ်လမ်းကြောင်းအတွင်းမှာ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေ များစွာ ရှိနေတာက အစာအိမ်အနာရှိသူရော၊ မရှိသူအတွက်ပါ အလွန်ကောင်းမွန်ပါတယ်။ ဒိန်ချဉ်စားသုံးတာက လူ့အကျိုးပြုဘက်တီးရီးယားတွေကို များစွာရရှိနိုင်ပါတယ်။ ခန္ဓာကိုယ် အကျိုးပြုဘက်တီးရီးယားတွေက H-pylori ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး အနာကျက်နှုန်းကို မြန်စေနိုင်ပါတယ်။  

၅။ အဆီပါ၀င်မှုနည်းသော နို့နှင့် အသားများ

ဗိုက်နာမှုကို ဖြစ်စေတဲ့ အစာအိမ်အနာကျက်ဖို့အတွက် ပရိုတင်းကို စားသုံးဖို့လိုအပ်ပါတယ်။ အသားတွေမှာ ပရိုတင်းပါ၀င်မှုအများဆုံးဖြစ်တာကြောင့် အဆီမပါတဲ့ အမဲသား၊ ၀က်သား၊ ကြက်သားနဲ့ ဆိတ်သားတွေကို စားပေးပါ။ ကြက်အရေခွံနဲ့ ၀က်ခေါက်လိုမျိုး အဆီပြင်တွေက အစာအိမ်အနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ နို့နဲ့ နို့ထွက်ပစ်္စည်းတွေမှာလည်း ပရိုတင်းပါ၀င်မှုများတာကြောင့် စားသုံးသင့်ပေမယ့် အဆီပါ၀င်မှုနည်းတဲ့ အမျိုးအစားကို စားသုံးတာက အကောင်းဆုံးပါ။

အထက်ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများကို သိရှိပြီးနောက် ကျန်းမာချမ်းသာနေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင် …

သတင်းအရင်းအမြစ် - ဒေါက်တာခင်မိုးမိုး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။