စီးပွားရေး လုပ်ငန်း အများစုက ကွန်ပျူတာ နှင့် ကင်းဝေး၍ မရနိုင်တာကြောင့် ၀န်ထမ်းအများစုကလည်း ကွန်ပျူတာကို နေ့စဉ်နှင့် အမျှ အချိန်များစွာ အသုံးပြုနေ ကြရပါတယ်။ ဒါ့ကြောင့် အိမ်ပြန်ရောက်ချိန်နှင့် လုပ်ငန်းပြင်ပချိန်များတွင် ကွန်ပျူတာ အသုံးပြုခြင်းနှင့် ဖုန်းအသုံးပြုခြင်းများကို ရပ်တန့်ရန် (သို့မဟုတ်) လျှော့ချရန် အလွန် အရေးကြီးပါတယ်။ တစ်နေ့လျှင် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ ကွန်ပျူတာ အသုံးပြုပါက ဖော်ပြပါ ရောဂါများ ကို ခံစားနိုင်ရပါတယ်။

(၁) အမြင်အာရုံ ထိခိုက်ပျက်စီးခြင်း

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့့ အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။ မိမိ မျက်လုံးပါ၀ါကို အနည်းဆုံး တစ်နှစ်လျှင် နှစ်ကြိမ်မှ စစ်ဆေး သင့်ပါတယ်။ လိုအပ်သော ဆေးဝါးများကိုလည်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သောက်သုံးသင့်ပါတယ်။

(၂) ကြွက်သားများ အားနည်းလားခြင်း

ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။ ကိုယ်တိုင် သတိထား၍ ဖြစ်စေ၊ နာရီ alarm ပေး၍ ဖြစ်စေ ကွန်ပျူတာ အသုံးပြုသည့် အခါတိုင်း တစ်နာရီခြား တစ်ခါ လမ်းလျှောက်ခြင်း၊ ရှုခင်းကြည့်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု လုပ်ခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။

(၃) နာကျင်ကိုက်ခဲမှုများ ခံစားရခြင်း

ကွန်ပျူတာရှေ့မှာ ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေတတ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။ 

(၄) လူမှုဆက်ဆံရေး အားနည်းလာခြင်း

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ထိခိုက် ပြောင်းလဲမှုတွေ ရှိလာပါတယ်။ ကွန်ပျူတာပေါ်က လူမှုကွန်ယက်တွေသည် တကယ့်အပြင် လူမူပေါင်းသင်းဆက်ဆံရေးနှင့် မတူညီ ကွဲပြားတာကြောင့် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေဆို ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပါတယ်။ ပတ်ဝန်းကျင်နှင့် မိမိကိုယ်တိုင်ကိုပါ မေ့နေတတ်ပါတယ်။

(၅) ခါးပြသနာများ ဖြစ်ပေါ်ခြင်း

ကွန်ပျူတာ အသုံးများခြင်းကြောင့် ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာ တစ်ခုပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေအတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ်ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

အဆိုပါ အချက်တွေက ကွန်ပျုတာကို ကြာရှည်စွာ အသုံးပြုသူတွေ ဖြစ်လေ့ရှိတာမို့ ဒီလိုတွေ မဖြစ်ရအောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကိုပါ တစ်ဆက်တည်း ဖော်ပြလိုက်ပါတယ်။

• ပထမဆုံးအနေနဲ့ မဖြစ်မနေ ကာကွယ်သင့်တာက ကွန်ပျူတာကို ကြာကြာကြည့်ပြီးနောက် မိနစ် ၂၀၊ နာရီဝက်တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ ဖြစ်နိုင်လျှင် စိမ်းလန်းစိုပြေသော သစ်ပင်များကို ကြည့်ရှုပေးပါ။ ကြိမ်ဖန်များစွာ မျက်တောင်ခတ်ပေးရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လျှင် ပိုပြီးသက်သာစေပါတယ်။

• ကြွက်သား အားနည်းမှုနှင့် နာကျင်ကိုက်ခဲမှုများအတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနှင့် ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း တင်းမာနေမှုများကို လျော့ချပေးနိုင်ပါတယ်။

ဖော်ပြပါ အချက်များ အားလုံးကို နားလည်ပြီးနောက် ကျန်းမာရေး ကောင်းမွန်သော / လုပ်ငန်းခွင်တွင် အောင်မြင်သောသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။