ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း ညစာစားပွဲမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သီချင်းထဆိုပြီး ဧည့်သည်တွေကို အံ့အားသင့်စေခဲ့တယ်လို့ ဆိုပါတယ်။ဒီသီချင်းသီဆိုမှုကို အမေရိကန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်အရသီဆိုခဲ့တာလို့သမ္မတဒူတာတေးကအရွှန်းဖောက်ခဲ့ပါသေးတယ်။

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ (အာဆီယံ) ထိပ်သီးအစည်းအဝေး တရားဝင်ကျင်းပချိန် မတိုင်မီ နိုဝင်ဘာ ၁၂ ရက်နေ့က ပါဆေးမြို့ အက်စ်အမ်အိတ်စ် ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ ညစာစားပွဲအတွင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အမေရိကန်သမ္မတ ထရမ့်နဲ့ တခြားခေါင်းဆောင်တွေကို အိမ်ရှင်အနေနဲ့ ဧည့်ခံခဲ့ပါတယ်။

ညစာစားပွဲအတွင်း ဖိလစ်ပိုင်ရိုးရာဝတ်စုံ အဖြူရောင် လက်ရှည်အကျႌဝတ်ကာ သမ္မတထရမ့်ရဲ့ဘေးမှာ ထိုင်နေတဲ့ ဒူတာတေးက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့သီချင်းသီဆိုမှုနဲ့ ဧည့်သည်တွေကို အံ့အားသင့်စေခဲ့တာပါ။“ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားကြီးများခင်ဗျာ၊ ကျနော်က အမေရိကန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့ မတောင်းဆိုခဲ့တဲ့ စုံတွဲသီချင်းကို မစ္စပီလီတာနဲ့ တွဲဆိုခဲ့တာပါ” လို့ သီချင်းအဆုံးမှာ သမ္မတ ဒူတာတေးက ပြောပါတယ်။

သမ္မတက ဒေသခံအဆိုတော် ပီလီတာနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ခေတ်စားတဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “lkaw (you)” ဆိုတဲ့သီချင်းကို ဆိုခဲ့တာလို့ အာတီသတင်းဌာနက ဖော်ပြထားပါတယ်။

Source-DVB News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။