တနလာင်္နေ့မနက်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ဥရောပဇုန် Play-off ခြေစစ်ပွဲ ဒုတိယအကျော့အ ဖြစ် အီတလီအသင်းနှင့် ဆွီဒင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။ အီတလီအသင်းသည် ပထမအကျော့ အဝေးကွင်းတွင် (၀-၁)ဂိုးဖြင့် အရှုံးပေးထားရသည့်အတွက် ယခုပွဲတွင် မဖြစ်မနေအနိုင်ရရှိရန် လိုအပ်နေသောကြောင့် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဆွီဒင်အသင်းကမူ ခံစစ်ကိုသာ အဓိကထားပြီး ဂိုးမပေးရရန် ပိတ်ဆို့ကစားသွားခဲ့သည်။ နည်းပြ ဗန်ကျူရာက အီတလီအသင်း ကို (၃-၅-၂)ကစားကွက်ဖြင့် ပွဲထွက်ခဲ့သည်။ အီတလီအသင်းသည် တိုက်စစ်တွင် အင်မိုဘီလီနှင့် ဂတ်ဘီယာဒီနီတို့ ကို ပွဲထုတ်ခဲ့သည်။

ကွင်းလယ်တွင် ဖလော်ရန်ဇီ၊ ကန်ဒရီဗာ၊ ဂျော်ဂျင်ဟို၊ ပါအိုလိုနှင့် ဒါမီယန်၊ ခံစစ်တွင် ဘာဇာဂလီ၊ ဘိုနူချီနှင့် ချီလီနီ တို့ ပွဲထွက်ကစားခဲ့သည်။ ပြိုင်ဘက် ဆွီဒင်အသင်းကလည်း မားကပ်စ်ဘတ်၊ ဖော့စ်ဘတ်၊ လင်ဒီလော့ဖ်တို့ဖြင့် အီတလီအသင်းကို တုံ့ပြန်ကစားခဲ့သည်။ သို့သော် အီတလီအသင်းက တရစပ်တိုက်စစ်ဆင် ကစားနေခဲ့သည့်အတွက် အီတလီတိုက်စစ်နှင့် ဆွီဒင်ခံစစ် အားပြိုင်ရ သည့်အခြေအနေဖြစ်ခဲ့သည်။ အီတလီအသင်းက ပြိုင်ဘက်ကို ကွင်းလယ်စည်းအား ကျော်ခွင့်မရသလောက်ဖြစ်သည်အထိ တစ်ဖက်သတ်ဖိကစားနိုင်ခဲ့သေည်။

သို့သော် ဆွီဒင်အသင်းက စနစ်တကျတားဆီးနိုင်ခဲ့သလို၊ ဂိုးသမားအော်လ်ဆင်ကလည်း တည်ငြိမ်မှုအပြည့်ဖြင့် လက်စွမ်းပြကာကွယ်နိုင်ခဲ့သည့်အတွက် အီတလီအသင်း သရေသာရရှိခဲ့သည်။ ထို့ကြောင့် အီတလီအသင်းသည် ၁၉၅၈ ကမ္ဘာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပထမဆုံးလွဲချော်ခဲ့ရခြင်းဖြစ်သည်။ အီတလီအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၄ကြိမ်ဗိုလ်စွဲထားသည့် အသင်းဖြစ်သည်။

Source – Daily Mail, Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။