ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ အမှတ် (၂၉ဝ/ခ) တွင် နေထိုင်သူ ဒေါ်နှင်းလဲ့ အောင်က အကယ်ဒမီ မေသန်းနု (ခ) ဒေါ် သန်းသန်းဆင့်ကို ငွေကြေးနှင့် စာရွက်စာတမ်းလိမ်လည်မှုဖြင့် တရားစွဲဆိုမည့်အကြောင်း စက်တင်ဘာလအတွင်း ကြေးမုံသတင်းစာ၌ အထောက်အထားနှင့်တစ်ကွ ထုတ်ပြန်ကြေညာခဲ့သည်။ 

ယင်းသို့ ထုတ်ပြန်ကြေညာမှုကြောင့် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု အနေဖြင့် အဘက်ဘက်မှထိခိုက်နစ်နာမှုများ ရှိစေခဲ့သကဲ့သို့ ၄င်းအပေါ် ချစ်ခင်အားပေးလျက် ရှိကြသော ပရိသတ်များအကြားတွင်လည်း အနုပညာ ဂုဏ်သိက္ခာ ကျစရာ ဖြစ်ခဲ့ပါသည်။ သို့ကြောင့် အဆိုပါ ထုတ်ပြန် ကြေညာချက် ပါရှိပြီး နောက်ပိုင်း တွင် ဒေါ်နှင်းလဲ့အောင် နှင့် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနု တို့သည် နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ကြပြီး ၄င်း ထုတ်ပြန်ကြေညာချက်အား ပြန်လည် ရုပ်သိမ်းပေးရန် ဒေါ်နှင်းလဲ့အောင်ဘက်မှ သဘောတူခဲ့ကာ ကြေးမုံ သတင်းစာတွင် ထည့်သွင်းထုတ်ပြန်ပေးခဲ့ပါသည်။

ယင်းသို့ ပြန်လည်ရုပ်သိမ်းသွားသည့်အပေါ် အကယ်ဒမီမေသန်းနုမှ

"ဒီကိစ္စက တစ်ယောက်ကို တစ်ယောက် နားလည် မှုလွဲကြတာပါ။ ဒါက နှစ် ဦး နှစ်ဖက် ညှိနှိုင်းပြီးပြီဆို တော့ သူတို့က ပြန်ပြီး ရုပ်သိမ်းပေးတာပေါ့။ အထွေ အထူးတော့ မဟုတ်ပါဘူး။ စီးပွားရေး လုပ်တာဆိုတော့ ဒီလိုကိစ္စ က ဖြစ်တတ်ပါတယ်။ ဒါက အန်တီဆင့် တို့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်။ အခုလိုမျိုး ပြန်ဖြေရှင်း ပေးတဲ့ အခါကျတော့ အဆင်ပြေ သွားတာပေါ့။ သူနဲ့ လည်း ညီအစ်မလို ခင်နေတယ်။ အကုန်ပြန်ရှင်းပြ တော့ သူတို့ ပြန် ရုပ်သိမ်း ပေးပြီး သတင်းစာထဲ ပြန်ထည့် ပေးတယ်။ အန်တီဆင့် ကလည်း ဒါက ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ် ဆိုပြီး တောင်းပန်တော့ သူတို့ဘက်က ဒီလိုပြန်ပြီး လုပ်ပေးတာပါ။ ရှေ့ဆက်ပြီး ဒီကိစ္စကို ဘာမှလုပ်ဖို့ မရှိတော့ပါဘူး။ ဒါက အကုန်လုံး အဆင်ပြေ သွားပြီဖြစ်တဲ့ အတွက် လုပ်စရာလည်း မလိုတော့ပါဘူး" ဟု ရှင်းလင်းပြောကြားခဲ့သည်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။