မိုးဆိုသည့်အရာကတော့ မရှိမကောင်း ရှိမကောင်းအရာများထဲက တစ်ခုဖြစ်သည်။ ယခုလည်း ဂရိနိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုကဲ့သို့ ရေကြီးခြင်းကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဂရိ နိုင်ငံ အလယ်ပိုင်းရှိ စက်မှုမြို့များဖြစ်သော မန်ဒရာ၊ နီယာ ပီရာမို့စ်နှင့် မီဂါရာတို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေ့ညမပြတ် မိုးဆက်တိုက် ရွာသွန်းခဲ့ခြင်း ဖြစ်သည်။ မိုးသည်းထန်ခြင်းနှင့်အတူ လူနေအိမ်များထဲ လျင်လျင်မြန်မြန် ရေဝင်မှုများ ဖြစ်ပေါ်လာသည်။ 

သေဆုံးသူ အများစုမှာ သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး ၎င်းတို့၏ နေအိမ်များထဲတွင်ပင် ရုပ်အလောင်းများကို ရှာတွေ့ခဲ့သည်။ ရေကြီးမှုကြောင့် အခြားသော ထိခိုက်ပျက်စီးမှု အများအပြားလည်း ပေါ်ပေါက်လာခဲ့သည်။ဂရိဝန်ကြီးချုပ် အလက်ဆစ် ဆီပရက်စ်က ယခု သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝမ်းနည်းကြေကွဲမှု ကာလတစ်ခု သတ်မှတ်မည်ဟု ကြေညာသည်။ ရေကြီးမှုများနှင့် ဆက်စပ်၍ ဆေးရုံတွင် ကုသမှု ခံယူရသူ အနည်းဆုံး ၃၇ ဦးမျှ ရှိခဲ့ကြောင်းလည်း သိရသည်။ ဂရိ အလယ်ပိုင်းတွင် ရာသီဥတု ဆိုးရွားနေသည်မှာ သီတင်းတစ်ပတ်မျှ ကြာမြင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် မိုးသည်းထန်စွာ တစ်ညလုံး ရွာသွန်းပြီးနောက် ရုတ်တရက် ရေကြီးမှုများနှင့် ကြုံခဲ့ရခြင်းဟု ဒေသခံများက ဆိုသည်။ ထိုအခြေအနေကို မျှော်လင့်မထားသလို ကြိုတင် ပြင်ဆင်မှုလည်း မရှိခဲ့ကြချေ။

ရေကြီးမှုများကြောင့် လမ်းများ၊ ကားများ၊ အဆောက်အအုံများ ပျက်စီးခဲ့သလို အသက်ဘေးနှင့် နီးလောက်သော နေအိမ် ရေမြုပ်မှုများကြောင့် လူအများအပြား နေရပ်ကို စွန့်ခွာခဲ့ရသည်။ အထူးသဖြင့် တောင်စောင်း ဒေသများတွင် ရေများ အလုံးအရင်း စီးကျလာပြီး တောင်ခြေဒေသများ ရေမြုပ်သွားခဲ့သည်။ “တောင်ကျရေက တန်ချိန် သန်းနဲ့ချီ ရှိနိုင်တယ်”ဟု နီယာ ပီရာမို့စ် ဒုတိယ မြို့တော်ဝန် စတက်ဗ်ရော့စ် ဖိုတီယူက ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ဆီပရက်စ်က ကယ်ဆယ်ရေး လုပ်ငန်းများ အဆောတလျင် ဆောင်ရွက်နိုင်ရေး တွန်းအားပေးနေသလို ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုများအတွက် အကူအညီများ ပေးအပ်ရေးနှင့် ရေဘေးဒုက္ခသည်များ နေရပ်သို့ လုံခြံုစွာ ပြန်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟုလည်း ကြေညာထားသည်။

Source – The Guardians, 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။