(၁) ရေ တစ်ငုံသောက်ပါ

စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးခြင်းဖြင့် သေးသေးဖွဲဖွဲလေးတွေ စားပါ။ ဝါးပါ။ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတာမို့ “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေပါတယ်။

(၂) ဆေးလိပ်ဖြတ်ခြင်းရဲ့ ကောင်းကျိုးကို စဉ်းစားပါ။

စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း စတဲ့ ကောင်းကျိုးများစွာ ရှိတာကို သတိရပါ။

(၃) သွား ခဏခဏ တိုက်ပါ။

ဆေးလိပ်သောက်ချင်လို့ ခံတွင်းချဉ်လာတဲ့အခါ သွားတိုက်ခြင်းနဲ့ ကုစားလိုက်ပါ။ ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိမဲ့အပြင် ခံတွင်းချဉ်ခြင်းကိုလည်း သက်သာစေပါတယ်။

(၄) အရက်သောက်ခြင်းကို ရှောင်ပါ။

အရက်သောက်သုံးခြင်းက ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးပါတယ်။ အရက်သောက်ပြီးတဲ့အခါ စိတ်အလိုလိုက်တတ်မှာမို့ ဆေးလိပ် ပြန်သောက်မိ တတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်လိုတဲ့အခါ အရက်သောက်သုံးခြင်းကိုလည်း ရှောင်သင့်ပါတယ်။ 

(၅) အကန့်အသတ် ထားပါ။

ဆေးလိပ်ကို လုံးဝ မဖြတ်နိုင်ရင်တောင် လျှော့သောက်ပါ။ ဆေးလိပ်သောက်သုံးခြင်းကို လူရှေ့သူရှေ့ မသောက်တာမျိုး၊ အလုပ်ထဲမှာ မသောက်တာမျိုး၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး စသည်ဖြင့် ကိုယ့်ကိုယ် ကိုယ် အကန့်အသတ်ထားပါ။

(၆) ဆေးလိပ်ဖြတ်သင့်တဲ့ အကြောင်းရင်းကို သတိရပါ။

ကိုယ်ဘာကြောင့် ဆေးလိပ်ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းရင်းကို လုံးဝ မမေ့ပါနဲ့။ မကြာခဏ သတိရပေးပါ။

(၇) တက်ကြွလန်းဆန်းအောင် နေထိုင်ပါ။

နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်ပါတယ်။

(၈) ပြက္ခဒိန်မှာ မှတ်ထားပါ။

ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပါ။ ဂုဏ်ယူပါ။ ရက်တွေ တိုးပွားလာစိတ် ဖြစ်လာပါလိမ့်မယ်။ 

(၉) အပေါင်းအသင်းများနဲ့ တွေ့ပါ။

ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။ ဒါက သင့်အတွက် ခွန်အား တစ်ခု ဖြစ်ပါလိမ့်မယ်။

(၁၀) ကဖိန်းဓာတ်ကို ကန့်သတ်ပါ။

ကဖိန်းဓာတ် ပါ၀င်မှုများတာကတော့ ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်တို့က နံနက်ပိုင်းမှာ လန်းဆန်းစေပေမဲ့ စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေပါတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ သင့်ပါတယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်ပါလိမ့်မယ်။

(၁၁) စိတ်ကို အလိုမလိုက်ပါနဲ့။

စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။

(၁၂) ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်း အချို့ကို ရှောင်ပါ။

ကိုယ့်ရဲ့ သူငယ်ချင်းတွေထဲက ဆေးလိပ် သောက်တဲ့သူတွေ၊ ဆေးလိပ်ဖြတ်ခြင်းကို တားဆီးမဲ့ သူငယ်ချင်းများနှင့် ရှောင်ပါ။ ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ ဆိုတာ သတိရပြီး ခေတ္တ ရှောင်နေပါ။

(၁၃) စိတ်ရှည်ပါ။

၁၄ ရက်ကြာ ဆေးလိပ် ပြတ်နိုင်ရင် ဆေးလိပ်ပြတ်ဖို့ ခရီးရောက်နေပါပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုပါတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို့ လိုပါတယ်။

ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းက အချိန်ခဏလေးအတွင်းမှာ စကားပြောပါတယ်။ ဆေးလိပ် “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။

ကျန်းမာပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ …. ။

Credit: ကျန်းမာရေးဂျာနယ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။