ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်းများဟာ သံဃာတော်များအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကြောင့် ဘုန်းတော်ကြီးသင်ကျောင်းများကိုလျှော့ချပိတ်သိမ်းသင့်ကြောင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

နိုင်ငံတော်ကဖွင့်လှစ်ပေးပြီးတဲ့အခြေခံပညာကျောင်းများရှိရာရပ်ကွက်/ကျေးရွာများမှာရှိတဲ့ဘုန်းတော်ကြီးသင်ကျောင်းများကိုလျှော့ချပိတ်သိမ်းသင့်တယ်လို့ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကြွယ်ကြွယ်က ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ 

“ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်းများဟာ တကယ်လက်တွေ့မှာဘုန်းတော်ကြီးတွေကသင်ကြားတာ မဟုတ်ဘဲ ဘုန်းတော်ကြီးတွေက အုပ်ချုပ်ရေး၊ ရန်ပုံငွေရှာဖွေရေး အလုပ်တွေကိုသာ လုပ်ရတာဖြစ်ပြီး စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေက သင်ကြားရတာပါ။ စီမံအုပ်ချုပ်ရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဆရာ/ဆရာမ ရှာဖွေခန့်ထားရေး ထောက်ပံ့ငွေပေးရေး အလုပ်တွေက များပြားရှုပ်ထွေးပြီး တာဝန်ကြီးလေးပါတယ်။ 

ဘုန်းတော်ကြီးတွေရဲ့ မူလ ပရိယတ္တိ၊ ပရိပတ္တိအလုပ်တွေအပြင် လောကီ လူမှုတာဝန်တွေကိုလည်း လုပ်ဆောင်ရတဲ့အတွက် ဆရာတော် သံဃာတော်တွေအပေါ် ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်နေတဲ့အတွက် ဒါကို ပညာရေးဌာန အစိုးရအနေနဲ့ လွဲှပြောင်းရယူ တာဝန်ယူဖို့ အချိန်ကျပြီလို့ ယူဆပါတယ်” ဟု ဒေါက်တာကြွယ်ကြွယ်က ပြောကြားသည်။

ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဆောင်ရွက်နိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်အရ ပညာရေးဝန်ကြီးဌာနက သဘောတူခဲ့ပြီး ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်ပေါင်း ၁၅၇၆ ကျောင်းအထိ ဖွင့်လှစ်သင်ကြားလျက်ရှိတာပဲဖြစ်ပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရှိသောကြောင့် မြန်မာ့ပညာရေး၌ ကြီးမားသည့် အထောက်အပံ့ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနက် အောင်မြင် လည်ပတ်နေသည့် ကျောင်းများရှိသလို လျော့နည်း ပျောက်ကွယ်မည့် ကျောင်းများလည်း အများအပြားရှိနေတာပဲဖြစ်ပါတယ်။  

နိုင်ငံတော်အတွင်း ရပ်ကွက်ကျေးရွာပေါင်း ၆၇၀၀၀ တွင် ရာခိုင်နှုန်း ၈၀ မှာ အစိုးရက အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရပါတယ်။နိုင်ငံတော်က အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီးသော ရပ်ကွက်/ကျေးရွာများတွင် ဘုန်းတော်ကြီးသင် အခြေခံပညာကျောင်းများကို လျှော့ချ ပိတ်သိမ်းခြင်းဖြင့် သံဃာတော်များ ပရိယတ္တိ၊ ပရိပတ္တိတာဝန်များနှင့် သာသနာ့လုပ်ငန်းများကို အားထုတ်နိုင်မည် ဖြစ်ကြောင်း ဒေါက်တာကြွယ်ကြွယ်က ဆွေးနွေးပြောကြားသွားတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - Eleven Media

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။