ထိုင်းနိုင်ငံ ရာ့ချ်ပူရီခရိုင် ပါတ်ထော့မြို့နယ် ဒွန်းဆိုင်အုပ်စု ရပ်ကွက် ၂ မှာ နေထိုင်တဲ့ နန်းပရနီ (၃၉နှစ်) ရဲ့ မိခင်ဟာ လွန်ခဲ့ တဲ့ ၉ရက် က ကွယ်လွန်သွားခဲ့သွားခဲ့ပါတယ်။ နန်းပရနီဟာ မိခင်ဖြစ်သူကို မီးသင်္ဂြိုဟ်ခါနီး နောက်ဆုံးအနေဖြင့် ခေါင်းတလား ဖွင့်ကြည့်ရာမှ ခေါင်းတလားရဲ့အဖုံး ပျဉ်ချပ်ပေါ်မှာ ဘောပင်အနီနဲ့ ရေးခြစ်ထားတဲ့ ၃၉၁ ဆိုတဲ့ ဂဏန်းကို တွေ့ရှိခဲ့ပါတယ်။

သူမဟာ ထီထိုးတာ ဝါသနာပါသူ တယောက်မဟုတ်ပေမဲ့လည်း သုဘရာဇာ ကတိုက်တွန်းလို့ ထိုးဖြစ်သွားတယ်လို့ဆိုပါတယ်။ သူမ အမေရဲ့ အသုဘကို တိုက်တိုက်ဆိုင် ထီလာရောင်းတဲ့ သူတဦး ထံမှာ ၃၉၁ ဂဏန်းကို တောင်းဝယ်ခဲ့ပြီး ထီရောင်းသူက သူ့မှာ လောလောဆယ် အဲဒီဂဏန်းမရှိဘူးလို့ ပြောဆိုပြီး ည ၈ နာရီလောက်မှာတော့ ၂၉၂၃၉၁ ဂဏန်းပါ ထီလက်မှတ် ၅ စောင် လာပေးခဲ့ပါတယ်။

နန်းပရနီဟာ နှစ် ၂၀ခန့် အမှိုက်ပုံထဲက ရောင်းလို့ရတဲ့ပစ္စည်းတွေ မွှေနှောက်ရှာဖွေ ရောင်းစားလာတဲ့ သူဆင်းရဲမ တဦး ဖြစ်ပြီး ထီသည်မှ ထီလက်မှတ် လာရောက်ရောင်းချတဲ့ အချိန်မှာ ၅ စောင်လုံးဝယ်ဖို့ ဘတ် ၆၀၀ မရှိတာနဲ့ ညီမဝမ်းကွဲ ၂ ဦးနဲ့ တစောင်စီ၊ အသုဘမှာကြွေးဖို့ ဟင်းလာချက်ပေးတဲ့ နန်းကန်က ၂ စောင်ခွဲပြီး ဝယ်လိုက်ကြတာ ဖြစ်ပါတယ်။

မနေ့က မိခင်ဖြစ်သူအတွက် ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပြီးအပြန် ထီပေါက်စဉ်တိုက်ကြည့်ရာ တစောင်ကို ဘတ် ၆ သန်းပေါက်ပြီး ငါးစောင်အတွက် စုစုပေါင်း ဘတ်သန်း ၃၀ ပေါက်လို့ အားလုံး ဝမ်းသာခဲ့ကြတယ်လို့ ပြောပါတယ်။ ထီပေါက်တဲ့ငွေနဲ့ အိမ်ပြင်ဆောက်ပြီး တချို့ကို သားသမီး ပညာသင်စရိတ်သိမ်းထားကာ တချို့ကို အလှူလုပ်မယ်လို့ နန်းပရနီက သူမရဲ့ စိတ်ကူးအိပ်မက်တွေကို ပြောပြသွားခဲ့ပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။