မကွေးတိုင်းမှ လူငယ်နှစ်ဦးဆယ်လ်ဖီရိုက်ရင်း ဆည်ထဲပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဆယ်လ်ဖီဆွဲတယ်ဆိုတာ အရမ်းလွန်လွန်ကျူးကျူး မိုက်ရူးရဲဆန်ကာ အန္တာရယ်ရှိနေရာတွေမှာ မရိုက်စသင့်ပါဘူး။ ယခုကိစ္စကတော့ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကင်းပွန်းတောင်အုပ်စု သပြေပင်ကျေးရွာ အနီး ကင်းပွန်းတောင်ဆည်မှာဖြစ်ခဲ့တာပါ။ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေက ဆယ်လ်ဖီ ဆွဲရာမှ ဆည်ထဲပြုတ်ကျပြီး လူငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဆတ်သွားရဲစခန်းတာဝန်ရှိသူ တဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ ချောင်းနက်အရှေ့စုကျေးရွာနဲ့ ကရင်စုကျေးရွာနေသူတို့ဖြစ်ကြတဲ့ သီဟကျော် အပါအဝင် ၁၁ ဦးအဖွဲ့ဟာ ဆိုင်ကယ်နဲ့ ဖျောက်ဆိပ်ကုန်းကျေးရွာရှိ ဆရာမကြီးအား ကျောင်းပိတ်ရက် သွားရောက်ကန်တော့ခဲ့ပြီး ကင်ပွန်းတောင်ဆည်ကို ဓာတ်ပုံရိုက်ဖို့ ထွက်လာကြ ရာ အဖွဲ့ထဲမှ အောင်မျိုးထက် အသက် ၁၉ နှစ် ဟာ ဆည်ရဲ့ တောင်ဘက်အစပ် ရေထုတ်ပြွန်အနောက်ဘက်ရှိ တံတားအနီး ဆယ်လ်ဖီ ဆွဲရာ ဆည်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။ မင်းမင်းဦး (၂၀ နှစ်)နဲ့ သီဟကျော် (၁၉ နှစ်)တို့မှ လိုက်လံဆယ်ယူရာ အောင်မျိုးထက်မှာ ရေနှစ်သေဆုံးနေပြီး လိုက်လံဆယ်ယူသူ မင်းမင်းဦးမှာလည်း ရေနှစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။  

သတင်းရခြင်း စခန်းမှူး ရဲအုပ်ထွန်းအောင်ကျော်၊ တာဝန်မှူး ဒုရဲအုပ်ချစ်စိုးမင်းနဲ့ တပ်ဖွဲ့ဝင်တွေ၊ သက်သေ ကင်းပွန်းတောင်အုပ်/မှူး ဦးခင်မောင်ကြည် ရွာခွဲတာဝန်ခံ ဦးမြင့်စိုးတို့ အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆတ်သွားရဲစခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ချစ်စိုးမင်းက ဒီဗွီဘီကိုပြောပါတယ်။ အောင်မျိုးထက်နဲ့မင်းမင်းဦး ဓမ္မတာတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ဆတ်သွားနယ်မြေ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၇ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ စခန်းမှူးရဲအုပ်ထွန်းအောင်ကျော်က ပြောပါတယ်။ ဒါ့ကြောင့် စာဖတ်သူပရိသတ်ကြီးလည်း သတိရှိရှိနေသင့်ပါတယ်။

Source- DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။