ရတနာကိုးသွယ်ကို နဝရတ်ကိုးပါး ဟုလည်း ခေါ်ဆိုကြပါတယ်။ အများစုကတော့ ရတနာကိုးသွယ်ကို လက်စွပ်အဖြစ် ဆင်မြန်းလေ့ ရှိကြပါတယ်။ နဝရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံတယ်ဟု ယုံကြည်ပြီး ဆင်ယင်လေ့ရှိကြပါတယ်။ နဝရတ် ကိုးပါးမှာ ပတ္တမြား၊ မြ၊ စိန်၊ ကြောင်၊ နီလာ၊ သန္တာ၊ ဥဿဖယား၊ ဂေါ်မိတ်၊ ပုလဲ တို့ဖြစ်ကြပါတယ်။ ရတနာ တစ်ခုချင်းစီ၏ တန်ခိုးအာနိသင်မှာ အောက်ပါအတိုင်း ဖြစ်တယ်လို့ ယူဆကြပါတယ်။ ပတ္တမြား ဘုန်းတောက် ၊ မြကျောက် အေးချမ်း ၊ စိန် - စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ၊ မဏိ နီလာ - မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ၊ ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည် ကိုးထွေ နဝရတ် စွမ်းရည်တည်း ….. လို့ ဆိုကြပါတယ်။

နဝရတ်လက်စွပ်ကို မြန်မာ့ ထုံးတမ်းစဉ်လာအတိုင်း လက်ထပ်ထိမ်းမြားရာတွင် ရွှေခွက်(သို့)ငွေခွက်ထဲသို့ နဝရတ်ကိုးပါး၊ နံသာမျိုး ငါးပါးသွေး၍ (သို့မဟုတ်) ရေမွှေးများထည့်၍ သတို့သား၊ သတို့သမီးတို့၏ထိပ်၌ သပြေပန်းခက်ဖြင့် ပက်ဖြန်း၍ လက်ထပ် ထိမ်းမြားခြင်းကို ပြုလုပ်လေ့ရှိပါတယ်။

စိန်ကို ကျောက်မျက်တို့၏ ဘုရင်လို့ ခေါ်ကြပါတယ်။ ကျောက်မျက်အမျိုးပေါင်း ၁၂၀ခန့် ရှိသည့်အနက် စိန်ကအမာဆုံးသော ကျောက်မျက်လည်းဖြစ်ပါတယ်။ ရတနာကိုးသွယ်အနက် စိန်၊ ပတ္တမြား၊ မြနှင့် နီလာတို့မှာ အဖိုးအတန်ဆုံး ဖြစ်ပါတယ်။ နီလာနှင့် ပတ္တမြား က ကျောက်မျက်အမာ တစ်မျိုးတည်းဖြစ်ပြီး အရောင်အသွေးက ကွဲပြားပါတယ်။။ ပတ္တမြားက သွေးကဲ့သို့သော အနီရောင်ရှိပြီး နီလာ ကတော့ တောက်ပသော အပြာရောင်ရှိပါတယ်။ ပုလဲနှင့် သန္တာက တွင်းထွက်ကျောက်များ မဟုတ်ကြပါဘူး။ ပုလဲကို ကမာ(သို့) မုတ်ကောင်၏ ကိုယ်တွင်းမှ ရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရရှိပါတယ်။ ကြောင်ရဲ့ မျက်လုံးနဲ့ တူသောကြောင့် ကြောင်မျက်ရွဲ ဟုလည်း ခေါ်ကြပြီး မြတွင် ကြည်လင် စိမ်းမြသော ရောင်ရှိပါတယ်။ ဂေါ်မိတ်သည် ကျောက်သလင်းနှင့် ရော၍ တွေ့ရတတ်သော ကျောက် တစ်မျိုးဖြစ်ပါတယ်။

မဏိသျှတ္တရခေါ် ရတနာကျမ်းတွင် နဝရတ်လက်စွပ် ပြုလုပ်နည်းမှာ တနင်္ဂနွေဒေါင့်မှာ သန္တာ၊ အရှေ့ တနင်္လာဒေါင့်မှာ စိန်၊အရှေ့တောင်အင်္ဂါဒေါင့် မှာပုလဲ၊ တောင်ဗုဒ္ဓဟူးထောင့်မှာ ကြောင်၊ အနောက်တောင် စနေထောင့်မှာ ဂေါ်မုတ်၊ အနောက်ကြာသပတေးဒေါင့်မှာ မြ၊ အနောက်မြောက် ရာဟုထောင့်မှာ ဥဿဖယား၊ မြောက် သောကြာထောင်မှာ နီလာ၊ တိမ်တောင်အရပ် (၀ါ) အလယ်ဗဟိုတွင် ကိတ်ဂြိုဟ်အမှတ် ပတ္တမြားကို မြှုတ်ရတယ်လို့ ဆိုပါတယ်။

ဥတုဘောဇန သင်္ဂဟကျမ်းနှင့် လောကဟိတရာသီကျမ်းလာ နဝရတ်လက်စွပ် ပြုလုပ်နည်းနဝရတ်လက်စွပ်ကို ဆင်မြန်းဝတ်ဆင်သော အခါ၌လည်း ရက်မြတ်ရာဇာ မင်္ဂလာအခါရွေး၍ ရတနာသုံးပါး မိဘဆရာသမား အထက်နတ်မင်းကြီးများ ၊ အထက်ပုဂ္ဂိုလ်များ နှင့် ကိတ်ဂြိုဟ်ပါ ဂြိုဟ်ကြီးကိုးလုံးကို ရှိခိုးပူဇော်ကန်တော့ပြီးမှ မြကို အတွင်းဘက် ၊ စိန်ကို အပြင်ဘက်ထား၍ ၀တ်ဆင်ရပါတယ်။

ကျောက်မျက်ရတနာ ကိုးပါးစီချယ် ပြုလုပ်ထားသော နဝရပ်လက်စွပ် ၀တ်ဆင်ထားခြင်းဖြင့် အသက်ရှည်ခြင်း၊ မင်္ဂလာရှိခြင်း၊ ကျက်သရေရှိခြင်း၊ စုန်းပယောဂ ဘေးရန်ကို ဖျက်စီးနိုင်သည့်အပြင် အနုပီယဆေးဖြစ်၍ လူနတ်ချစ်ခင်တယ်လို့ ဆိုကြပါတယ်။

သတင်းအရင်းအမြစ် - စံဇာဏီဘို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။