ခရီးသည် အဘိုးအိုကို ယာဉ်ပေါ်မှ တွန်းချပြီး ထိုးကြိတ်ခဲ့သည့် ယာဉ်နောက်လိုက်ကို ထောင်ဒဏ် ၈ ရက် အမိန့်ချ

ရန်ကင်းမြို့နယ် ၁၂ လုံးတန်း မှတ်တိုင်တွင် အသက် ၆၀ အရွယ် ခရီးသည် အဘိုးအိုကို ယာဉ်ပေါ်မှ တွန်းချပြီး လက်သီးဖြင့် ထိုးကြိတ်ခဲ့သည့် ဘီအမ်ခရီးသည်တင်ယာဉ်မှ ယာဉ်နောက်လိုက် အမျိုးသားကို နိုဝင်ဘာလ ၁၇ ရက် (ယနေ့) ညနေပိုင်းက ရန်ကင်းမြို့နယ် တရားရုံးမှ ရန်ကုန်ရဲအက် ဥပဒေ ၄၁(၁၆)ဖြင့် ထောင်ဒဏ် ၈ ရက် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းမြိုနယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမိန့်ချမှတ်ခဲ့သော အသက် ၁၉ နှစ် အရွယ် ဘီအမ် ခရီးသည်တင် ယာဉ်နောက်လိုက် မိုးမြင့်ဗိုလ်မှာ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ၁၂ လုံးတန်း ကားမှတ်တိုင်မှ လိုက်ပါလာသည့် ခရီးသည်အဘိုးအိုကို ယာဉ်စီးခ တစ်ရာကျပ် ပိုတောင်းခဲ့ရာ မပေးသောကြောင့် ၎င်းက ယာဉ်ပေါ်မှ တွန်းချပြီး လက်သီးဖြင့် မျက်နှာကို ထိုးခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်အရ ရန်ကင်းမြို့နယ် တရားရုံးထံမှ သိရသည်။

ဒဏ်ရာရခဲ့တဲ့ ခရီးသည်က မနေ့က ရဲစခန်းလာ အကြောင်းကြားခဲ့ပေမယ့် အမှုမဖွင့်ခဲ့ဘူး။ ဒါကြောင့် ရဲတပ်ဖွဲ့က တရားလိုပြု အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်ခဲ့သူ ဘီအမ်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို စုံစမ်းရှာဖွေခဲ့နယ်။ ဒီမနက် ယာဉ်နောက်လိုက်ကို မိခဲ့ပြီး တရားစွဲဆိုခဲ့တယ်။ ယာဉ်မောင်းကို မမိသေးဘူး။ ဟု ရန်ကင်းမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။

ဒဂုံမြောက် ၅၀ ကွေ့မှ ဆူးလေသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအမှတ် ၂၃၅ ခရီးသည်တင် ဘီအမ်ယာဉ်မှ မင်းမဲ့စရိုက်ဆန် ရမ်းကားခဲ့သော ယာဉ်နောက်လိုက်နှင့် တိမ်းရှောင်နေသော ယာဉ်မောင်း အမျိုးသားတို့ကို အရေးယူပေးရန် နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ ရခဲ့သော အသက် ၆၀ အရွယ် ခရီးသည် အဘိုးအိုက ရန်ကင်းမြို့မ ရဲစခန်းတွင်ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ တွင်မှ တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

Source: The Voice

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။