ဦးသန့်၏ ငယ်စဉ်ဘဝ

ဦးသန့်ကို ဖခင်ဦးဖိုးနှစ်နှင့် မိခင်ဒေါ်နန်းသောင် တို့မှ ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့တွင် ဧရာဝတီတိုင်းပန်းတနော်မြို့၌ မွေးဖွားခဲ့ပါတယ်။ ပန်းတနော်ဇာတိဖြစ်တာကြောင့် နောင်အခါတွင် ဦးသန့်ကို “ပန်းတနော်ဦးသန့်”ဟူ၍ခါ်ဝေါ်ခဲ့ကြပါတယ်။ ဦးသန့်၏မိဘ များမှာ မြေပိုင်ရှင်၊ ဆန်ကုန်သည်များဖြစ်ကြပြီး၊ ဖခင်ဦးဖိုးနှစ်သည် ရန်ကုန်မြို့တွင် သူရိယသတင်းစာကို ထူထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာတွင်လည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဦးသန့် အသက် ၁၄ နှစ်သား အရွယ်မှာ ဖခင် ကွယ်လွန်သွားခဲ့ပါတယ်။ အမွေဆက်ခံမှု အရှုပ်အရှင်းများကြောင့် မိခင်ဒေါ်နန်းသောင် နှင့် ကလေး ၄ ယောက်က စီးပွားရေး အကြပ်အတည်းပေါင်း များစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဦးသန့် က ပန်းတနော်အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်တွင်သမိုင်းဘာသာရပ်ကို ဆက်လက် သင်ကြားခဲ့ပါတယ်။ ထို့နောက် ပန်းတနော် အမျိုးသားကျောင်းတွင်ကျောင်းဆရာအဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး၊ အသက်၂၅ နှစ်တွင် ကျောင်းအုပ် ဖြစ်လာခဲ့ပါတယ်။

ထိုအချိန်တွင် ပညာအုပ်ဖြစ်သော (မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း) ဦးနု နှင့် ခင်မင်ရင်းနှီးခဲ့ပါတယ်။ ဦးသန့်က အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနှင့် ထုတ်ဝေသော“ဂန္တလောက” မဂ္ဂဇင်း၏ ဘာသာပြန်ပြိုင်ပွဲတွင် ၄ ကြိမ် တိုင်တိုင် ပထမဆုရရှိခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်၏ ပထမဆုံးစာမူမှာ အင်္ဂလိပ်လို ရေးသားထားတဲ့ စာမူဖြစ်ပြီး အသက် ၁၅ နှစ် အရွယ်တွင် ပုံနှိပ်ဖော်ပြခံခဲ့ရသူပဲ ဖြစ်ပါတယ်။ မြို့ပြပုံပြင်များ၊ နိုင်ငံပေါင်းချုပ် အသင်းကြီး ကျောင်းသုံးစာအုပ်၊ ဗမာသစ်နှင့် ပညာသစ်၊ ပြည်တော်သာခရီး (၃ အုပ်တွဲ) စသော စာအုပ်များကို ရေးသားခဲ့ပါတယ်။ ထို့အပြင်နိုင်ငံရေးဝေဖန်ချက်၊ စာပေ ဝေဖန်ချက်များအပါအဝင် ပညာရေး၊ လူမှုရေးဆိုင်ရာ ဆောင်းပါးများကို သီလဝ၊ မောင်သန့်၊ ဦးသန့် စသည့် ကလောင် ခွဲများနှင့်ရေးသားခဲ့ပါသေးတယ်။

ဦးသန့်၏ ပြည်သူ့ဝန်ထမ်းဘဝ

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရခါစ ဦးနုဝန်ကြီးချုပ် ဖြစ်လာသောအခါ ဦးသန့်ကို ရန်ကုန် သို့ခေါ်ယူခဲ့ပါတယ်။ ၁၉၄၈ခုနှစ်တွင် အသံလွှင့်ဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ သတင်းနှင့် ပြန်ကြားရေးဌာန အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ၀န်ကြီးချုုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနုအတွက် မိန့်ခွန်းများရေးသားပေးခြင်း၊ နိုင်ငံခြားခရီးစဉ်များစီစဉ်ပေးခြင်း၊ နိုင်ငံခြား ဧည့်သည်တော်များကို လက်ခံတွေ့ဆုံပေးခြင်း ….. စသည့် ကိစ္စများကို ဆောင်ရွက်ပေးရင်း ဦးနု၏ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။

ဦးသန့်သည် နိုင်ငံတကာ conference အများအပြားကိုလည်း တက်ရောက်ခဲ့ရပါတယ်။ ၁၉၅၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့၌ကျင်းပသော ''ဘက်မလိုက်လှုပ်ရှားမှု” ကို မွေးဖွားပေးခဲ့သည့်ပထမအကြိမ် အာရှ-အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံတွင် အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၇ခုနှစ်တွင် ဦးသန့်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်လိုက် ပြီး New York ကိုစေလွှတ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဦးသန့် က မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် သာမက တစ်ချိန်တည်းမှာပင် ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်ခဲ့ရသူပဲ ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရက ဦးသန့်ကို “ပြည်ထောင်စု စည်သူ သင်္ဂဟပြန်တမ်း” အရ “မဟာ-သရေစည်သူဘွဲ့” နှင့် ဗိုလ် ရာထူးကို ပေးအပ်ခဲ့ပါတယ်။ ဦးသန့်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို အာရှနိုင်ငံများထဲတွင် ပထမဦးဆုံး ရရှိခဲဲ့သူပဲ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး အထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဂ်ဟမ်းမားရှိုးလ်ဒ် (Dag Hammarskjold) ၏ မကုန်ဆုံးသေးသော သက်တမ်းကို တာဝန်ထမ်းဆောင်ရန် အထွေထွေ ညီလာခံတွင် လုံခြုံရေးကောင်စီ၏ထောက်ခံချက်နှင့်ယာယီ-အထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ သက်တမ်းအထိ ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ သူ၏ ပထမသက်တမ်းအတွင်း တွင် ဦးသန့်က ကျူးဘား ဒုံးပျံပြဿနာ (Cuban Missile Crisis) ကိုဖြေရှင်းရာမှာ ပါ၀င်စ့စပ်ပေးပြီး ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးအောင် ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် ကမ္ဘာက အသိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် လုံခြံုရေးကောင်စီ၏ တညီတညွတ်တည်း ထောက်ခံမှုနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒုတိယသက်တမ်းအတွင်းတွင် ဦးသန့်သည် ကုလသမဂ္ဂအဖွဲ့အစည်းအတွင်းသို့ အာရှနှင့် အာဖရိကနိုင်ငံများ ဝင်ရောက်နိုင်ရေးကိစ္စ၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကိစ္စ၊ ၁၉၆၂ ခုနှစ် ယီမင် အ ရေး၊ ၁၉၆၈ ခုနှစ်ဘာရိန်းအရေး ကိစ္စ၊ ၁၉၆၇ ခုနှစ်အာရပ်အစ္စရေး ခြောက်ရက် စစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး (Prague Spring) ချက်ကိုစလို-ဗက်ကီးယားကို ဆိုဗီယက် ကျူးကျော်မှု အရေးအခင်း၊ ဗီယက်နမ်စစ်၊ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွတ်လပ်ရေးရရှိစေမည့် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲ ….. စသည်များကို အေးငြိမ်းအောင် ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ် အမေရိကန် - ဆိုဗီယက် စစ်အေး တိုက်ပွဲကာလတွင်သမ္မတနှစ်ဦး အကြား ဦးသန့်က “တတိယ ဘာသာ စကားအသစ်” ကိုအသုံးချ၊ ၍“တွေ့ဆုံ အဖြေရှာရေး”ကို အခြေခံပြီး စေ့စပ်ဆောင်ရွက်ပေးခဲ့သူပဲ ဖြစ်ပါတယ်။ ထို့အတွက် ဆိုဗီယက်က ဒုံးကျည်စခန်းများကို ရုပ်သိမ်းပေးခဲ့ပြီး အမေရိကန်က ကျူးဘားကို ပိတ်ဆို့မှုများအားရုပ်သိမ်းပေးခဲ့သည်။ ဦးသန့်၏ လိမ္မာ ပါးနပ်စွာ ကြားဝင် စေ့စပ် ပေးမှု တို့ကြောင့်သာ စစ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်တယ်။

အောက်စဖို့ဒ် တက္ကသိုလ်မှ ၂ဝ-ရာစု၏ အထင်ကရ ပုဂ္ဂိုလ်များ အကြောင်း စုစည်း ထုတ်ဝေထားတဲ့ Who’s Who in the 20th Century စာအုပ်တွင် ဦးသန့်၏- အကြောင်း ပါဝင်ပြီး၊ နိုင်ငံတကာ အရေး အခင်းတွေကို မတုန်လှုပ်စေဘဲ တည်တည် ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ဦးသန့် က တတိယသက်တမ်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်တော့မှာ မဟုတ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဦးသန့်အငြိမ်းစား ယူသွားတာနှင့် ပတ်သက်ပြီး ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ ထုတ် New York Time သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် The Liberation of U Thant ဟူသောခါင်းစဉ်နှင့် တခမ်းတနား ဂုဏ်ပြုရေးသားဖော်ပြခဲ့ပါတယ်။ 

ဦးသန့်၏ နောက်ဆုံးနေ့ရက်နှင့် မိသားစု

၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့တွင် ဦးသန့် မှာ အဆုတ်ကင်ဆာ ရောဂါနှင့် New York တွင် ကွယ်လွန်ခဲ့ပါတယ်။ ဦးသန့်၏ ဆန္ဒအရ ရုပ်အလောင်းကို ရန်ကုန်သို့ ပြန်ပို့ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ထိ ဦးသန့်ရုပ်အလောင်းကို မြေမချခင် အများပြည်သူများနောက်ဆုံးဂါရဝ ပြုနိုင် ရန်အတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ပြသထားခဲ့ပါတယ်။ ဒီဇင်ဘာလ (၅)ရက်၊ မွန်းလွဲ (၁)နာရီအချိန်တွင် ကြံတော သချႋုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း အသိပေးကြေညာ ချက်ထွက်ပေါ်လာပါတယ်။ ထိုကြေငြာချက် နှင့်ပက်သက်ပြီး နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးသန့်၏ ရုပ်ကလာပ်အား နိုင်ငံတော် စျာပနအဖြစ် သတ်မှတ်၍ အခမ်းအနားဖြင့် သင်္ဂြိုဟ်မည်ဟု မျှော်လင့်ထားသော ပြည်သူ လူထုများအနေဖြင့် များစွာမကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ ၄င်းနောက် တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသား ကျောင်းသူများသည် စျာပနကော်မတီများ ဖွဲ့စည်းပြီး နောက်ဆုံး ဂါရဝပြုခြင်း၊ စျာပနကို လိုက်လံပို့ဆောင်ရန် စီစဉ်ခြင်းများ ပြုလုပ်ကြပါတယ်။ ထိုသို့ စီစဉ် ပြီးနောက် ကျိုက္ကဆံကွင်းသို့ သွားရောက်ရန် ကားများ သွားရောက် ငှားရမ်းရာတွင် ကျောင်းသား ကျောင်းသူများအား ကားများ ငှားရမ်း ပို့ဆောင်ခြင်းမပြုရန် သက်ဆိုင်ရာမှ ကြိုတင် ပိတ်ပင်ထားခဲ့ပါတယ်။ ထို့ကြောင့် ကျောင်းသားများသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် စုရပ်အဖြစ် စုရုံး၍ ကျိုက္ကဆံကွင်းအား ခြေလျင် ချီတက်ကြရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စုရပ်အဖြစ် သတ်မှတ်ထားသော ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ တက္ကသိုလ်ကျောင်းပေါင်းစုံမှ ကျောင်းသားများစုရုံးမိကြပါတယ်။

ကျောင်းသားနှင့် ပြည်သူတချို့က ဦးသန့် ရုပ်အလောင်းကို တသီးတသန့် မြှုပ်နှံလိုသောဆန္ဒဖြင့် လုယူခဲ့ကြပြီး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နေရာဟောင်းတွင် မြှုပ်နှံ သဂြိုလ်လိုက်ကြပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ကျောင်းသားများကပင် ယာယီ ဦးသန့် ဗိမ္မာန်ပြုလုပ်လိုက်ကြပါတယ်။ ထို့နောက်အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် လင်းအားကြီးချိန်တွင် အစိုးရက ကျောင်းဝင်းထဲ သို့ဝင်ရောက်ပြီး ဦးသန့် ရုပ်အလောင်းကို ပြန်လည် ယူဆောင်သွားခဲ့ပါတယ်။

နောက်ဆုံး တွင် ဦးသန့် ရုပ်အလောင်းကို ရွှေတိဂုံ စေတီတော် ခြေတော်ရင်း ယခုလက် ရှိ နေရာတွင် မြှုပ်နှံပေးခဲ့ပါတယ်။ ဦးသန့် သည် ဒေါ်သိန်းတင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပြီး သမီးတစ်ဦး (သား- ဖြစ်သူမှာ ဦးသန့် အတွင်းရေးမှုး အမှုထမ်းစဉ် သေဆုံးခဲ့ကြောင်း အချို့ မှတ်တမ်းများတွင် ဖော်ပြခဲ့ပါတယ်။) ဦးသန့်တွင် မြေး ၄ ဦးနှင့် မြစ် ၃ ဦးထွန်းကားခဲ့ပါတယ်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောကျ်ားဖြစ်သူ ဦးသန်းမြင့်သည် သမိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး၊ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနတွင် ဝါရင့် ဝန်ထမ်းတစ်ဦးလည်း ဖြစ်တယ်လို့ သိရှိရပါတယ်။

Credit to: ကျော်ဇေယျ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။