ယနေ့ခေတ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ၊ နေထိုင်မှုပုံစံတွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးဘဝကတည်းက အဝလွန်လာကြပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကတည်းက အဝလွန်ရင် နောက်ပိုင်းမှာ နှလုံးရောဂါ အပါအဝင် အခြားရောဂါတွေ ဖြစ်နိုင်ခြေ ပိုများတယ်ဆိုတာကို သိထားကြဖို့ အရေးကြီးပါတယ်။

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကစပြီး ကလေးအဝလွန်ခြင်းက နှစ်ဆမြင့်တက်လာကာ ရလဒ်အနေနဲ့ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးနဲ့ သွေးတွင်းအဆီများတဲ့ ရောဂါတွေဖြစ်ပွားနှုန်းလည်း သိသိသာသာ မြင့်တက်လာပါတယ်။ ကလေးအဝလွန်ခြင်းနဲ့ ဒီနှလုံးသွေးကြောရောဂါတွေ ဖြစ်ပွားမှုက ချိတ်ဆက်နေပါတယ်။

ကလေးတစ်ယောက် အဝလွန်နေလား၊ မလွန်ဘူးလားဆိုတာကို ဒီအတိုင်းကြည့်ပြီး ပြောလို့မရပါဘူး။ ဆရာဝန်ဆီသွားပြီး အရပ်၊ ကိုယ်အလေးချိန်၊ အသက်စတာတွေနဲ့ တွက်ချက်ထားတဲ့ ကြီးထွားမှုပုံစံနဲ့တိုင်းပြီး သူ့အရွယ်မှာ ရှိသင့်တဲ့ အတိုင်းအတာတွေနဲ့ ယှဉ်ကြည့်ပြီးမှ သေချာပြောနိုင်ပါတယ်။

အဝလွန်နေတဲ့ကလေးတွေမှာ နှလုံးသွေးကြောရောဂါရဲ့ လက္ခဏာတွေကို စောစောစီးစီး စစ်ဆေးထားဖို့ လိုပါတယ်။ အသက် ၉-၁၁ နှစ်အရွယ်ကလေးတွေကို ပုံမှန်သွေးတွင်းအဆီ စစ်ဆေးမှုတွေ ပြုလုပ်ပြီး အသက် ၁၇-၂၁ အရွယ်ရောက်ရင် တစ်ခါပြန်စစ်သင့်ပါတယ်။

မိသားစုမျိုးရိုးထဲမှာ နှလုံးရောဂါ၊ သွေးတွင်းအဆီများတဲ့ ပြဿနာတွေရှိခြင်း (သို့) ကလေးက အဝလွန်နေတယ်ဆိုရင် ဒီထက်စောစော စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

နောက်ထပ် အကြံပြုချင်တာကတော့ အသက် ၃ နှစ်အရွယ်ကစပြီး သွေးပေါင်ချိန် ပုံမှန်တိုင်းသင့်ပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ခြေများတဲ့ ကလေးတွေကို စောစောသိထားခြင်းအားဖြင့် သူတို့ကို ဆေးမတိုက်ဘဲနဲ့ အစားအသောက်နဲ့ အနေအထိုင်ပြောင်းလဲဖို့အတွက် မိဘနဲ့ကလေးတွေကို ကျန်းမာရေးအသိပညာ သေချာပေးနိုင်ပါတယ်။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပြီး နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ပြီး တက်တက်ကြွကြွနဲ့ အနာဂတ်မှာ ကျန်းမာဖို့အတွက် ရည်ရွယ်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ကလေး အဝလွန်နေ၊ မနေ သေချာသိရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပေးဖို့ အရေးကြီးပါတယ်။

Source: DrMyanmarpage

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။