မန္တလေးမြို့ပေါ်က ရွှေနန်းတော်ကျောင်း ပြုပြင်ရေး စီမံကိန်းကို ပြန်စတော့မှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်အစောပိုင်းမှာ ရန်ပုံငွေနဲ့ ပစ္စည်းမလုံလောက်မှုကြောင့် ရပ်နားထားခဲ့ရတာလို့လည်း သိရပါတယ်။

သက်တမ်းနှစ်ပေါင်း ၁၃၀ ကျော်ရှိတဲ့ ရွှေကျောင်းဟာ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးလက်ရာတွေထဲ ကတခုဖြစ်ပြီး ၂၀၁၄ ခုနှစ်ကစပြီး အမေရိကန် သံအမတ်တွေရဲ့ ယဉ်ကျေးမှု အဆောက်အဦးထိန်းသိမ်းရန်ပုံငွေထဲက အမေရိကန် ဒေါ်လာ ၅ သိန်း မတည်ပြီး နှစ် နှစ်အတွင်း အပြီး ပြုပြင်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။

စီမံကိန်း ဒါရိုက်တာ ဂျက်ဖ် အလန်က ရွှေကျောင်း ပြုပြင်ရေးအတွက် အခုလိုပဲပြောကြားခဲ့ပါတယ်။

“ငွေကြေးမလုံလောက်မှုကြောင့် ဒီစီမံကိန်းကို တစ်နှစ်ကျော် ရပ်ဆိုင်းထားခဲ့ရပေမယ့် အဓိက ပြုပြင်ထိန်းသိမ်းမှုတွေထဲက ၅၀ ရာခိုင်နှုန်းလောက်ကို လုပ်ပြီး သွားပြီ ဒါ့အပြင် ကျောင်းအောက်တိုင်တွေမှာ တပ်ထားတဲ့ နယားရုပ်တွေကို ရှေးမူမပျက် ထိန်းသိမ်းတာတွေ ဆက်လုပ်သွားမယ်”

မန္တလေးမြို့ပေါ်က ရွှေနန်းတော်ကျောင်း ကို အချောသတ် ပြုပြင်မှု ပြီးစီးဖို့အတွက် နောက်တစ်နှစ် တစ်နှစ်ခွဲလောက် ကြာဦးမယ်လို့ပညာရှင်တွေကပြောကြားထားပြီး၊ ရွှေကျောင်းဟာ မင်းတုန်းမင်းတရားကြီး စံမြန်းခဲ့တဲ့ မြနန်းစံကျော် ရွှေနန်းတော်က အဆောင်ဖြစ်ကာ သူနတ်ရွာစံပြီးတဲ့နောက်မှာတော့ သားတော် သီပေါမင်းက အဆောင်တစ်ခုလုံးကို ရွှေ့ပြောင်းပြီး ဘုန်းကြီးကျောင်းအဖြစ် ဆောက်လုပ်လှုဒါန်းခဲ့တာဖြစ်ပါတယ်။

Source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။