ယခုအခါ မြန်မာပြည်အနှံ့တွင် အချိန်အခါမဟုတ်မိုးများရွာသွန်းလျက်ရှိပါတယ်။ အဆိုပါမိုးများကြောင့်လည်း လူတန်းစားအသီးသီးဒုက္ခရောက်ရပါတယ်။ ယခုအခါလည်း အချိန်အခါမဟုတ်မိုးများကြောင့် ရိတ်သိမ်းခါနီးစပါးပင်လဲပြိုတာတွေ ရိတ်သိမ်းပြီးနေလှန်းထားတဲ့စပါးတွေ မိုးမိတာတွေဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ဧရာဝတီတိုင်းရှိလယ်သမားများ အခက်တွေ့နေရပါတယ်။ 

အဆိုပါ စပါးတွေ မိုးမိတာကြောင့် ပျက်စီးတာတွေ အလေအလွင့်များပြီး စျေးကောင်းမရတော့တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံလယ်သမားတွေဆီက သိရပါတယ်။ ရိတ်သိမ်းချိန်ရောက်နေတဲ့ စပါးတွေဟာလဲပြိုပြီး ရေထဲပြန်နစ်နေတာကြောင့် အညောင့်ထွက်တာတွေ ဖြစ်နေပါတယ်။ ဒါ့ကြောင့် မရိတ်သိမ်းမရသေးဘဲ စောင့်ဆိုင်းနေရပြီး နေလှန်းစပါးတွေ မိုးစိုကုန်တာကြောင့် ဆန်စက်တွေကို အမြန်သွားပို့နေရပါတယ်။ ဒါ့ကြောင့် ဆန်စက်တွေမှာ စပါးတွေပုံနေပြီး စပါးစျေးတွေလည်း အဆမတန် ကျဆင်းနေတာကြောင့် အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ လယ်သမားတွေက ပြောပါတယ်။  

စပါးရိတ်ချိန်နောက်ကျတာကြောင့် မိုးစပါးအပြီး ဆောင်းစပါးဆက်စိုက်ဖို့လည်း နောက်ကျသွားသလို စပါးစျေးတွေကလည်း ပေါ်ဆန်းဘေးကြားဆိုရင် အရင်က တင်းတစ်ရာကို ရ သိန်း ၅ သောင်း ပေါက်စျေးရှိနေတာကနေ ၅ သိန်းလောက်အထိ ပြုတ်ကျသွားသလို ဧည့်မထစပါးတွေကတော့ ၅ သိန်း ၅ သောင်းစျေးကနေ ၄ သိန်းလောက်အထိ ပြုတ်ကျသွားတယ်လို့ ဒေသခံလယ်သမားတွေက ဆိုပါတယ်။ စိုက်ပျိုးရေးဌာနအနေနဲ့ကတော့ လတ်တလောမှာ ခရိုင်အလိုက် ပျက်စီးဆုံးရှုံးတဲ့ အနေအထား ဧကစာရင်း ထိခိုက်မှုဧရိယာစာရင်း တွေကိုကောက်ယူနေပြီး ဆုံးရှုံးမှုအများကြီး မရှိနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဋ္ဌာန စီမံကိန်းဋ္ဌာန ဦးစီးမှူး ဦးမြင့်လွင်က ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ရေကြီးနစ်မြုပ်မှုတွေကြောင့် လယ်ဧက ၁ သိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

Source – DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။