ဂေါ်ဒူသာရကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လူသတ်မှုဖြစ်ပွား

နေပြည်တော် နိုဝင်ဘာ ၁၈

မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု အနောက်ရွာနေကျေးရွာရပ်မိရပ်ဖနှင့် ရာအိမ်မှုး တာဝန်ထမ်းဆောင်သူ ဂျာမာလ် (၄၂) နှစ်သည် ယမန်နေ့ ညနေပိုင်းတွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု တောင်ရွာနေ ဟာဘီအုလ္လာ (၄၀) နှစ် ကနေအိမ်သို့ ညနေစာ စားရန် ဖိတ်ကြားသဖြင့် ညနေ ၆ နာရီတွင် သွားရောက်ပြီး ညနေစာ စားခဲ့သည်။

ယင်းနောက် အိမ်ပြန်ရန်အတွက် လာခေါ်ပါရန် ၄င်းမိသားစုဝင်များထံသို့ ဖုန်းဆက် အကြောင်းကြားရာ ဆက်သွယ်မှု မရရှိ၍ ည ၇ နာရီ ၂၅ မိနစ်တွင် အိမ်ရှင်ဟာဘီအုလ္လာက ကိုယ်တိုင် လိုက်ပို့ခဲ့သည်။ သို့သော် ရာအိမ်မှူးဂျာမာလ်မှာ မိမိနေအိမ်သို့ ပြန်လည် ရောက်ရှိ်မှု မရှိသဖြင့် ည ၇ နာရီခွဲတွင် မိသားစုဝင်များက လိုက်လံရှာဖွေရာ ဂေါ်ဒူသာရ ကျေးရွာအုပ်စု တောင်ရွာနှင့် အနောက်ရွာကြား လယ်ကွင်းနှင့်ပုစွန်ကန် အစပ်နေရာတွင် ဂျာမာလ်မှာ လည်ပင်း ဓါးလှီးဒဏ်ရာ၊ ဦးခေါင်းဓါးခုတ်ဒဏ်ရာ၊ ရင်အုံ ဓါးထိုးဒဏ်ရာ များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

သေဆုံးသူ အလောင်းတွေ့ရှိမှုအား မိသားစုဝင် များက ကျေးရွာတာဝန်ခံနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်သတင်းပေးပို့ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက မကျီးချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဖုန်းဆက်သွယ်တင်ပြခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိ မလာမီ ကျေးရွာသားများက လူသတ်မှုကျူးလွန်သူဟု ယူဆရသူ ဟာဘီအုလ္လာအား ၀ိုင်းဝန်းဖမ်းဆီးထားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ မကျီးချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း စခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၆ နာရီတွင် ရောက်ရှိကြပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ လူသတ်မှုကျူးလွန်သူဟု ယူဆရသူ ဟာဘီအုလ္လာအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။