ယခုနှစ် ဇွန်လမှာ အမေရိကန်နိုင်ငံခြားရေးဌာနက လူကုန်ကူးမှုအစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ် အစီရင်ခံစာမှာ ကမ္ဘာတဝှန်းကလေးစစ်သား အသုံးပြုတဲ့ အကြာင်းအရာလဲပါဝင်ပါတယ်။ ဒီနှစ်မှာတော့ မြန်မာ၊ အီရတ်နဲ့ အာဖဂန်နစ္စတန် အစရှိတဲ့ နိုင်ငံတွေက အစီခံစာထဲမှာ မပါဝင်ပါဘူး။ အစီအရင်ခံစာကို ကမ္ဘာတဝှန်းမှာရှိတဲ့ ကမ္ဘာတဝှန်းရှိသံရုံးတွေနဲ့ ထိပ်တန်း အမေရိကန်အစိုးရအရာရှိတွေ ပြုစုပေးပို့ပေးထားတာဖြစ်ပြီး ဒီသုံးနိုင်ငံမှာ ကလေးစစ်သားတွေအသုံးပြုမှုရှိကာ စာရင်းမှာ ထည့် သွင်းဖို့ အကြံပြုထားပေမယ့် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က အချက်အလက်တွေ ကို လေ့လာပြီး မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစီရင်ခံစာထွက်လာပြီးတဲ့ အချိန်မှာ နိုင်ငံခြားရေးဌာနအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီး နိုင်ငံခြားရေးဌာနအရာရှိ တဒါဇင်လောက်က မကျေနပ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်၊ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Heather Nauertက ခုလိုပဲပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံအပြင် အီရတ်နဲ့အာဖဂန်နစ္စတန်တို့ကို လေ့လာရာမှာ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ဒီနိုင်ငံတွေကို စာရင်းမှာမထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာက သူလက်ခံရရှိတဲ့ သတင်း အချက်အလက်တွေဟာ ခိုင်လုံတယ်လို့ ယူဆလို့ဖြစ်ပါတယ်။ အချက်အလက်အားလုံးကို သူပြန်လေ့လာ သုံးသပ်ပြီး ဥပဒေနဲ့အညီ ဒီနိုင်ငံတွေကို မထည့်သွင်းသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို သူချမှတ်ခဲ့တာဖြစ်ပါတယ်”

“နိုင်ငံတွေကို စာရင်းပြုဖို့ သတ်မှတ်ရာမှာ သတင်းအချက်အလက်တွေ အများကြီး လက်ခံ ရရှိပါတယ်။ NGOs တွေထံက၊ တခါတရံလည်း သံရုံးတွေထံက၊ တခါတရံလည်း ထောက်လှမ်းရေးသတင်းရပ်ကွက်တွေထံက အမျိုးမျိုးပါပဲ။ အချက်အလက်တွေ အများကြီး လက်ခံရရှိပြီး နိုင်ငံခြားရေးဌာနက လေ့လာစိစစ်တာပါ။ မှန်ကန်တယ်၊ ခိုင်လုံတယ် ဆိုတာ ကို သေချာအောင်လုပ်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

မကြာသေးမီက အာဆီယံညီလာခံကြီး အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillersonဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ရာမှာ ဒီကလေးစစ်သားအကြောင်းနဲ့ ပတ်သက်လို့ ဆွေးနွေးကောင်း ဆွေးနွေးဖွယ်ရှိတယ်လို့ Ms. Nauert က ဖြေကြားခဲ့ပါသေးတယ်။

ကွန်ဂို၊ နိုင်ဂျီးရီးယား၊ ဆိုမာ လီယာ၊ တောင်ဆူဒန်၊ မာလီ၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင် အစရှိတဲ့ နိုင်ငံတွေဟာ ဒီနှစ် ကလေးစစ်သားများအသုံးပြုတဲ့ နိုင်ငံတွေစာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။

Source – VOA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။