NLD အစိုးရလက်ထက်မှာလည်း နဂိုအတိုင်း ဘာမှမထူးခြားဟု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ပြောကြား

NLD အစိုးရလက်ထက်တွင် ပြည်သူများအတွက် ပြောရေးဆိုခွင့် နဂိုအတိုင်း ဘာမှမထူးခြားကြောင်းနှင့် တရားစီရင်ရေးမှာလည်း အာဏာရှင်လက်ထက်ကကျင့်သုံးသည့် တရားစီရင်ရေးဖြစ်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကင်းမြို့နယ် တရားရုံးထုတ်စဉ် ပြောကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပိုင် အားကစားကွင်းကို လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူြံခတ်ထားခြင်းကို MDCF ခေါင်းဆောင် ကိုထင်ကျော်နှင့် ရပ်ကွက်နေပြည်သူသုံးဦးက ခြံစည်းရိုးများကို ဖျက်ဆီးခဲ့သည်ဟုဆိုကာ ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဝေက တရားစွဲဆိုထားသည့်အမှုဖြစ်ကြောင်း သိရသည်။ ထိုထင်ကျော်၏ ရုံးချိန်းအားလာရောက်သူတစ်ဦးက "NLD အစိုးရလက်ထက်မှာ ပြည်သူတွေအတွက် တက်ကြွလှုပ်ရှားသူတွေ ဘယ်လောက်အထိ ပြောရေးဆိုခွင့် ရှိနေပြီလဲ" ဆိုတဲ့ မေးမြန်းချက်အပေါ် ၄င်းက အခုလို ပြောကြားခဲ့ပါသည်။

"မရသေးပါဘူးခင်ဗျ။ နဂိုအတိုင်းပါဘဲ။ ဘာမှ မထူးပါဘူး။ အဖမ်းခံရတယ်။ အဲဒီကအမှန်တရားတွေ အချက်အလက်တွေကို အစိုးရက ပြန်စီစစ်လိုပါတယ်။ ကျွန်တော်တို့ပြောတဲ့ အဖြစ်အပျက်တွေ မှန်မမှန် ကျွန်တော်တို့ကို စစ်ဆေးဖို့လိုပါတယ်လို့ အစိုးရကို တောင်းဆိုပါတယ်။ တရားစီရင်ရေးဟာ စစ်အာဏာရှင်အဆက်ဆက်ကကျင့်သုံးခဲ့တဲ့ တရားစီရင်ရေးဖြစ်ပါတယ်။ လက်ရှိတရားသူကြီးတွေဟာလည်း စစ်အာဏာရှင်လက်ထက်က ကျင့်သုံးတဲ့ပုံစံနဲ့ဇ ဒီနေ့ကထိ တရားဥပဒေကိုဦးတည်ပြီး မဆုံးဖြတ်သေးဘဲ အကြောက်တရားနဲ့ တရားသူကြီးတွေ ဆုံးဖြတ်နေတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ အင်မတန်မှ အန္တရာယ်ရှိပါတယ်။ အဲ့ဒီတော့ တရားစီရင်ရေးဟာ ပြောင်းလဲပြင်ဆင်ရမှာ ဖြစ်ပါတယ်" ဟု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ပြောကြားသည်။

Source: Daily Eleven

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။