မူဆယ် တိုက်ပွဲသတင်းလက်ရှိအခြေအနေ

ရှမ်းပြည်နယ် မြောက်ပိုင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ယနေ့ မနက် ၆ နာရီ ခန့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) က ဝင်ရောက် တိုက်ခိုက်ကာ ဒေသခံ တဦး သေနတ်ထိ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

သေဆုံးသူသည် ၁၀၅ မိုင် တွင် ဖွင့်လှစ်ထားသည် အရှေ့မြောက် တံခါး ကုမ္ပဏီမှ အမျိုးသမီး တဦးဖြစ်ပြီး သေနတ်ထိမှန်သေဆုံးကာ ဒေသခံ ၁၅ ဦးခန့် ဒဏ်ရာ ရရှိပြီး မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသ ခံယူနေသည် ဟု ကုမ္ပဏီမှ တာဝန်ခံ ကိုမျိုးလှိုင်က ဧရာဝတီသို့ပြောသည်။

“ ကျနော်တို့ ကုမ္ပဏီက မန်နေဂျာရဲ့ မိန်းမ ကတော့ သေနတ်မှန်သေသွားတယ်။ ပြီးတော့ ကျနော်တို့ ဆီလာတဲ့ ကုန်သည် ၂ ဦးလည်း ကျည်ထိတယ်။ အခု မူဆယ်ဆေးရုံမှာ ဒဏ်ရာရသူ ၁၅ ယောက်လောက်တော့ ရှိမယ်။ အခြေအနေကတော့ မတည်ငြိမ်သေးဘူး” ဟု ကိုမျိုးလှိုင်က ဆိုသည်။

ကျည်ထိမှန်သူများတွင် အကောက်ခွန် ဦးစီးအရာရှိ ၃ ဦးလည်း ပါဝင်ပြီး၊ တိုက်ပွဲကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ခေတ္တပိတ်ထားရကာ တချို့ ဒေသခံများ မူဆယ်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

“ဒီနေ့ မနက် ၆ နာရီ မှာ ကျနော်တို့ ၁၀၅ မိုင် စခန်းတွေ ဝင်ပစ်ပါတယ်။ ရဲ ၅ ယောက်တော့ ဒဏ်ရာရပါတယ်။ ကျနော်တို့ ပြန်လွှတ်လိုက်ပါပြီ။ တပ်စခန်းတွေ အခုထိ ပစ်နေတုန်းပါပဲ။ အခုထိ ပစ်နေတုန်းပါပဲ” ဟု TNLA အတွင်းရေးမှူး တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။

တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်ကို တာဘုန်းကျော်က “ အများပြည်သူသိအောင်၊ တရုတ်နယ်စပ်မှာလည်းဖြစ်တော့ နိုင်ငံတကာလည်း သိရှိအောင်၊ တိုက်ပွဲတွေက တောထဲမှာပဲ မပြီးဘူး အားလုံးသိအောင် ဒီလို တိုက်ပွဲတွေ ဖော်ဆောင်တာဖြစ်ပါတယ်” ဟု ပြောသည်။

ထို တိုက်ပွဲ နှင့်ပတ်သက်၍ မူဆယ်မြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းသည့် အခါ တိုက်ပွဲ အခြေအနေကို သေချာမသိရှိကြောင်း ဧရာဝတီကို ပြောသည်။

မူဆယ်မြို့ မှ ဦးစိုင်းအိုက် ကမူ “ ဒီမနက် လက်နက်ကြီး အသံတော်တော်ပြင်းတယ်။ ကျည်ထိမှန်ပြီး အမျိုးသမီးတဦးကတော့ သေသွားပြီ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကတော့ တော်တော်များတယ်။ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ ဒီနေ့တော့ မန္တလေးကို ကားတွေ မဆင်းတော့ဘူူး” ဟု ဧရာဝတီသို့ပြောသည်။

ထိုနည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့နယ်နှင့် ကြူကုတ်(ပန်ဆိုင်း) တို့တွင်လည်း ယနေ့ မနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲများတွင် ကေအိုင်အေ၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်ကြောင်း ကနဦး သတင်းများအရ သိရှိရသော်လည်း သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် အဓိက နေရာတခုဖြစ်ပြီး ထို ကုန်သွယ်ရေးဇုန်တွင် ကုမ္ပဏီများစွာ တည်ရှိကာ ဌာန ဆိုင်ရာ လုပ်ငန်းများလည်း အခြေချ စစ်ဆေးနေသည့် နေရာ တခုဖြစ်သည်။ တရက်လျှင် ကားအစီးရေ သောင်းချီ ဝင်ထွက် သွားလာနေသည့် နေရာ တခုလည်း ဖြစ်သည်။

Source: Irrawaddy

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။