KIA ကချင်အဖွဲ့၊ TNLA တအောင်းပလောင် အဖွဲ့နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့နယ်နှင့်ကွတ်ခိုင််မြို့နယ်အတွင်းရှိ တပ်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရ

နေပြည်တော် နိုဝင်ဘာ ၂၀

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား အလစ်အငိုက် ရယူပြီး တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၂ နာရီ အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့ဝင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှိ မြို့လုံခြုံရေးရဲကင်းအား အရှေ့တောင်ဘက် တစ်ဖာလုံခန့် အကွာ ယာခင်းဘက်မှ အဖွဲ့အစည်း ခေါင်းဆောင် အင်အား စိစစ်ဆဲအဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နယ်မြေခံ ပြည်သူ့စစ်တို့မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အဆိုပါ အဖွဲ့သည် အရှေ့တောင်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၂ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ မုံးကိုးမြို့ ၊ ရပ်ကွက် (၆)၊ မုံးကိုးနယ်မြေရဲစခန်းအရှေ့ဘက်ရှိ တပ်မတော်တပ်စခန်းကုန်းအား KIA (ကချင်) အဖွဲ့နှင့် MNDAA ပူးပေါင်းအင်အား ၈၀ ခန့်မှ လည်းကောင်း၊ ဖောင်းဆိုင် စခန်းအား အင်အား ၁ဝဝ ဦး ခန့်မှလည်းကောင်း ၊ မန်ကန် စခန်း အား အင်အား ၈၀ ဦးခန့်လည်းကောင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အလားတူ နံနက် ၆ နာရီခန့်တွင် KIA (ကချင်)အဖွဲ့နှင့် MNDAA ပူးပေါင်း အဖွဲ့ အင်အား ၅၀ ခန့်သည် ပန်ဆိုင်းနယ်မြေရဲစခန်းအား ရပ်ကွက်(၄)၊ အခြေခံ ပညာအထက်တန်း ကျောင်းခွဲနေရာမှလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး တစ်ချိန်တည်းတွင် ရပ်ကွက်(၁) ရှိ တပ်မတော် တပ်စခန်းကုန်းအား အနောက်ဘက် တောင်ကြောမှနေ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မူဆယ်မြို့မ ရဲစခန်း၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းပေါ်ရှိ နန့်ပေါ်တံတားလုံခြုံရေး ရဲကင်းအား အရှေ့မြောက်ဘက် တစ်ဖာလုံခန့်အကွာရှိ တောင်ကုန်းမှ TNLA (တအောင်းပလောင်) အဖွဲ့ အင်အား ၁ဝဝ ဦးခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး အဆိုပါစခန်းသို့ တပ်မတော် စစ်ကြောင်းမှ သွားရောက်ပူးပေါင်းစဉ် TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၄၀ ဦး ခန့်ဖြင့် ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါ အဖွဲ့များသည် အရှေ့နှင့်အနောက်သို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပြန်လည် ဆုတ်ခွာသွားသည်။

အလားတူ မူဆယ်မြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းဇုန်အနီးရှိ တပ်စခန်းကုန်းသို့ KIA (ကချင်)အဖွဲ့နှင့် TNLA (တအောင်းပလောင်)အဖွဲ့ ပူးပေါင်း အင်အား ၁၅၀ ခန့်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ၆ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ပန်ဆန်းမောင်းတံဂိတ်သို့ TNLA (တအောင်းပလောင်)အဖွဲ့ (၃၀) ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သည်။ ထိုသို့ ကုန်သွယ်ရေး ဇုန်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် လဲချားမြို့နယ်နေ မောင်ဇော်သက် (၂၀)နှစ် (ဘ) ဦးမောင်မောင်ထွေး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အပြစ်မဲ့ ပြည်သူ (၆) ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်၍ နံနက် ၈ နာရီအချိန်ခန့်တွင် မူဆယ်မြို့ အရှေ့မြောက် ၁၂ မိုင် ခန့်အကွာ ကျင်စမ်းကျော့(ဟိုနောင်) ရဲကင်းအား TNLA (တအောင်းပလောင်)အဖွဲ့ အင်အား ၅၀ ဦးခန့်သည် လက်နက်ကြီး လက်နက်ငယ်များ ဖြင့်လာရောက် ပစ်ခတ်ခဲ့သည်။

ထို့ပြင် နံနက် ၃ နာရီခွဲခန့်က နမ့်ဖတ်ကာ ရဲကင်းစခန်း၏ ၁၁ မိုင်ခန့် အကွာ ဆွမ်လုံကျေးရွာအနီး မန္တလေး- မူဆယ်် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၁ အနီးရှိ ပေ ၂၀ ခန့်ရှည် ဆွမ်လုံတံတားပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တံတားထိခိုက်ပျက်စီးခဲ့သည်။ အလားတူ လက်နက်ကိုင်အဖွဲ့များက နန့်ပေါ်တံတားအား မိုင်းဖေါက်ခွဲခြင်း၊ တံတားအနီးရှိ စျေးဆိုင် (၃) ဆိုင်အား မီးရှို့ခြင်း၊ သိန္နီမြို့ နမ္မတူ တံတားအား ပါဂျဲရိုး ယာဉ်ဖြင့် ဗုံးဖေါက်ခွဲခြင်းများလည်း ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များ အပါအဝင် နယ်မြေအချို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် KIA (ကချင်အဖွဲ့)၊ TNLA (တအောင်းပလောင်အဖွဲ့) နှင့် MNDAA ပူးပေါင်းအဖွဲ့များအား တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက် လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား အကာအကွယ်ပေးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖြစ်ပွားလျက်ရှိသော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများအား ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။