KIA ၊TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်ကြောင့် လူမှုကူညီရေး ပရဟိတ လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသသို့ KIA ၊TNLA နှင့် MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသာမက အပြစ်မဲ့ အရပ်သားပြည်သူများပါ ထိခိုက် သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက် ရှိသည်။

အလားတူ ယနေ့ ညနေ ၄ နာရီခန့်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အတွင်း ပိတ်မိနေသော စစ်ဘေးရှောင်ပြည်သူများအား ကူညီကယ် ဆယ်ရေး ဆောင်ရွက်ရန် သွားရောက်ခဲ့သော မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီရေးအသင်း၊ ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်းတို့၏ မှန်လုံမော်တော်ယာဉ် ၂ စီးအား KIA ၊TNLA နှင့် MNDAA လက်နက်ကိုင် တပ်ဖွဲ့များက ပစ်ခတ်ခဲ့သည်။

အဆိုပါလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ် ၂ စီးသည် လွယ်အင်ကျေးရွာ နှင့် အနီးပတ်ဝန်းကျင်တွင် စစ်ဘေးရှောင်ဒုက္ခသည်များ ရောက်ရှိနေကြောင်း ဆက်သွယ် အကြောင်းကြား သဖြင့် အကူအညီပေးရန် သွားရောက်စဉ် KIA ၊TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များက ဘုရားကုန်း လမ်းဘေး တောင် ကုန်းမှ လက်နက်ငယ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးလင်းပု မောင်းနှင်လာသည့် မေတ္တာမွန်လူမှု ကူညီရေးအသင်း ယာဉ်ပေါ်တွင် လိုက်ပါလာသော ရွှေလီမြို့နေ ကြင်နာနွေးထွေးပရဟိတလူငယ်အသင်းမှ ကိုရဲမင်းအောင် (၂၃ နှစ်) (အဘ) ဦးချက် ၏ ဝဲဘက် ရင်ဘတ်ဘေး ဖောက်ထွက် ဒဏ်ရာ ရရှိခဲ့သည်။

ထိုသို့ မော်တော်ယာဉ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆက်လက်သွားရောက်ခြင်း မပြုနိုင်ဘဲ ဒဏ်ရာရရှိသူနှင့်အတူ မူဆယ်မြို့ သို့ ပြန်လှည့်လာခဲ့ပြီး ညနေ ၄ နာရီခွဲ အချိန်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

Ref : State Counsellor Office Information Committee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။