မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တွင် ချောင်းရေတိုက်စားမှုကြောင့် ပျူမြို့ဟောင်း ပေါ်လာခဲ့တယ် လို့သိရပါတယ်။

ဝမ်းတွင်းမြို့နယ် သင်္ဃန်းဆွဲအုပ်စု နဘဲကန်ရွာအနီး စမုံချောင်းရေ တိုက်စားတာကြောင့် စမုံချောင်းကမ်းပါး အနီးမြေသားထု ၆ ပေလောက် ဖုံးအုပ်နေတဲ့ ပျူမြို့ဟောင်း ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

စမုံချောင်းကမ်းပါးအနီး ကမ်းပါးနံယံမှာ မြို့ရိုးအုတ်တွေ ပေါ်လာခဲ့တာဖြစ်ပြီး အိုးကွဲတွေ အုတ်ကျိုးတွေ ကိုမြင်တွေ့ခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။  

လက်ရှိမှာတော့ ထပ်မံတူးဆွလိုက်ရင် သမိုင်းအမွေအနှစ်တွေ ပျောက်ပျက်မှာဆိုးတာကြောင့် သက်ဆိုင်ရာကိုပဲ အပ်နှံထားတယ်လို့ နဘဲကန်ရွာအထက်တန်းကျောင်းမှ ဆရာဦးကျော်ဦးက ပြောပါတယ်။ 

လက်ရှိပေါ် ထွက်လာတဲ့ ပျူခေတ်က အုတ်တချပ်ဟာ အခုခေတ်အုတ် ၃ ချပ်စာလောက် ရှိပြီး လူရိုးတွေ သွားတွေလည်း တွေ့ရှိရတယ်လို့ ၎င်းကဆိုပါတယ်။

ယခုပေါ်ထွက်ခဲ့တဲ့ ရှေးခေတ် မြို့ဟောင်းဟာ ပျူမြို့တမြို့ဖြစ်ပြီး အမေကို မိဖုရားမြှောက်မိလို့ ရေအောက်ရောက်သွားတဲ့ ပျူပင်လယ်မြို့ တစ်မြို့ဖြစ်ကြောင်း တမ္ပဝတီ ဆရာဦးဝင်းမောင် ကပြောပါတယ်။ 

ယခုပေါ်ထွက်လာတဲ့ပျူမြို့ဟောင်းဟာ ပျူခေတ်က စမုံခံမြို့လို့ခေါ်ဝေါ်ကျပြီး ပျူမြို့တော်ကြီး ရဲ့ အရပ်ရှစ်မျက်နှာမှာရှိတဲ့ ခံတပ်မြို့တွေထဲကတစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။ 

၎င်းမြို့ဟာ ပျူမြို့တော်ကြီးရဲ့ ၁၅ မိုင်၊ ၂၀ မိုင်အကွာမှာ တည်ထားတဲ့ မြို့တမြို့ဖြစ်တယ်လို့ ဆရာဦးဝင်းမောင်ကပြောပါတယ်။ အဲ့ဒီ စမုံခံမြို့ ဟာ ဧရိယာ ၁၆ဒသမ၅ ဧကရှိပြီး မြို့ရိုး ၄ ဘက်ဟာ ဧရိယာစတုရန်းပေ ၃၃၀၀ ရှိတယ်လို့သိရပါတယ်။ 

စမုံခံမြို့ဟာ ဝမ်းတွင်းမြို့နယ်ထဲမှာပဲရှိ အင်ကန်းကြီးပျူမြို့နဲ့ စမုံပျူမြို့ ၂ ခု သိပ်မဝေးဘဲ တည်ရှိနေတာ ပဲဖြစ်ပါတယ်။ အင်ကန်းကြီးက မြေပေါ် ၇ ပေ မြင့်တက်နေပြီး စမုံကတော့ မြေအောက် ၆ ပေလောက် မြှုပ်နေတာပဲဖြစ်ပါတယ်။  

Source - mayoneyinponepyinmat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။