ခရစ်နှစ် ၁၇၅၆ ခုနှစ် မေလ ၈ ရက် စနေနေ့တွင် မြန်မာဘုရင်အလောင်းမင်းတရား ဦးအောင်ဇေယျက ဗြိတိသျှဘုရင်ထံပေးပို့ခဲ့သည့်ရွှေသားစစ်စစ်ဖြင့်ပြုလုပ်ကာ ပတ္တမြားများစီခြယ်ထားသည့် သမိုင်းဝင် သဝဏ်လွှာသည် ယခုအခါတွင် သက်တမ်းနှစ် ၂၆ဝ လွန်မြောက်ခဲ့ပြီဖြစ်သည်။ တတိယမြန်မာနိုင်ငံတော်ဖြစ်သည့် ကုန်းဘောင်ခေတ်(ခရစ်နှစ် ၁၇၅၂-၁၈၈၅) ကို ကနဦးထူထောင်ခဲ့သူ အလောင်းမင်းတရား ဦးအောင်ဇေယျ (ခရစ်နှစ် ၁၇၁၄-၁၇၆ဝ)က ဗြိတိသျှဘုရင် ဒုတိယမြောက် ဂျော့

(ခရစ်နှစ် ၁၆၈၃- ၁၇၆ဝ) ထံသို့ ပေးပို့ခဲ့သည့် ယင်းရွှေပေလွှာသည် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

ရွှေပေလွှာမူရင်းသည် ဂျာမနီနိုင်ငံ ဟန်နိုဗာပြတိုက်တွင်ရှိနေပြီး ဂျာမနီနိုင်ငံအစိုးရက ယင်းရွှေပေလွှာမိတ္တူကို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ၂ဝ၁၄ ခုနှစ်တွင် ပေးအပ်ခဲ့သည်။ ယခုအခါအလောင်းမင်းတရားရွှေပေလွှာကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ပြသထားရာ မြန်မာနိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအမွေအနှစ် ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် ဂုဏ်ယူစွာ လေ့လာကြည့်ရှု နိုင်ကြပေသည်။ အလောင်းမင်းတရားသည် ယင်းရွှေပေလွှာကို တန်ဖိုးကြီးမားသော ဆင်စွယ်ကြုတ်အတွင်းထည့်၍ ဗြိတိသျှဘုရင် ဒုတိယမြောက်ဂျော့ထံသို့ ၁၇၅၆ ခုနှစ်တွင် ပေးပို့ခဲ့ရာ နှှစ်နှစ်အကြာ ၁၇၅၈ ခုနှစ်တွင် ဘုရင်နန်းစိုက်သည့် လန်ဒန်မြို့သို့ ရောက်ရှိခဲ့သည်။ ဗြိတိသျှဘုရင် ဂျော့သည် ရွှေပေလွှာကို မိမိမွေးဇာတိ ဟန်နိုဗာမြို့ရှိ စာကြည့်တိုက်သို့ လွှဲပြောင်းပေးခဲ့သည်။

စာတမ်းတွင် အလောင်းမင်းတရားကြီးသည် ၁၇၅၄ ခုနှစ်တွင် အင်းဝကိုသိမ်းယူပြီးနောက် မြန်မာပြည်တောင်ပိုင်းကို ဆက်လက်သိမ်းပိုက်နိုင်ရန် စစ်လက်နက်များလိုုအပ်မှုကိုသိရှိခဲ့ကြောင်း၊ ထို့ကြောင့် အင်္ဂလိပ်ဘုုရင်နှင့် မိတ်ဆွေဖွဲ့ရန်ရည်ရွယ်လျက် အိန္ဒိယနိုုင်ငံ မဒရပ်မြို ့ရှိ အရှေအိန္ဒိယကုုမ္ပဏီမှတစ်ဆင့် ၁၇၅၆ ခုုနှစ် မေလတွင် ချစ်ကြည်ရေးရွှေပေလွှာအား ဗြိတိသျှဘုရင် ထံ ပေးပို့ခဲ့ကြောင်း၊ အလောင်းမင်းတရားသည် အမတ်တစ်ဦးဖြစ်သော လက်ဝဲနော်ရထာအား ရွှေပေလွှာအား ရေးသားစေခဲ့ကြောင်း ဖော်ပြထားသည်။ ရွှေပေလွှာသည် ထောင့်မှန်စတုဂံပုံသဏ္ဌာန် ဖြစ်ပြီး အလျား ၅၅ စင်တီမီတာ (၂၁ ဒသမ ၆၅ လက်မ) နှင့် အနံ ၁၂ စင်တီမီတာ (၄ ဒသမ ရ၂ လက်မ) ရှိသည်။ ရွှေပေလွှာသည် မြန်မာလူမျိုးများ စာရေးသားရာတွင် သုံးစွဲလေ့ရှိခဲ့သည့် ပေရွက်ပုံသဏ္ဌာန်ပြုလုပ်ထားသည့် အပြားခတ်ရွှေသားစစ်စစ်တစ်ချပ်ဖြစ်ပြီး ရွှေပြားပေါ်တွင် စာသားများကို မြန်မာဘာသာဖြင့် အမှားအယွင်းတစ်စုံတစ်ရာမပါရှိဘဲ ရေးသားထားသည်။ ရွှေပေလွှာ၏ ထိပ်တစ်ဖက်စီတွင် အဖိုးတန်ပတ္တမြား ၁၂ လုံးစီကို ရွှေပြားအတွင်း မြှုပ်နှံစီခြယ်ထားပြီး သဝဏ်လွှာ၏ ထိပ်တစ်ဖက်တွင် သေသပ်လှပစွာပုံဖော်ထားသော ဘုရင့်တံဆိပ်တော် ဟင်္သာပုံကို ဖောင်းကြွခတ်နှိပ်ထားသည်။ 

Source : မြန်မာရက်စွဲသမိုင်း (ကုန်းဘောင်ဆက်)

(ဦးတိက္ခလင်္ကာရနှင့် ဒေါက်တာသန်းထွန်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။