ကျွန်မ အသက် ၃နှစ်ကတည်းက မူကြို စတက်ခဲ့ပြီး၊ ၅နှစ်သမီးမှာ သူငယ်တန်း စတက်ခဲ့ပါတယ်။ ၁၆နှစ်မှာ ၁၀တန်း အောင်ပြီး၊ ၁၉နှစ်မှာ ကိုရီးယား ဘီအေဘွဲ့ ရခဲ့ပါတယ်။ ၂၀ကျော်မှာ အင်္ဂလိပ်စာ ဘွဲ့ရခဲ့ပါတယ်။ နောက် မဟာတန်း တက်ဖို့ ကိုရီးယားကို လာခဲ့ပါတယ်။ အသက် ၂၆မှာ မဟာဘွဲ့ရခဲ့ပါတယ်။

မဟာဘွဲ့ ယူပြီးတော့လည်း ၁နှစ်ပဲ နားပြီး ပါရဂူတန်း ဆက်တက်ခဲ့တာ အခုဆို ပါရဂူတန်း တတိယနှစ် ပြီးပါတော့မယ်။ အားလုံးပေါင်း ဘွဲ့ သုံးခု ရပြီးပါပြီ။ မကြာခင် ဒေါက်တာဘွဲ့ယူရပါမယ်။ အဲဒီတော့ ကျွန်မ တစ်သက်တာလုံး ကျောင်းတက်၊ ပညာသင်၊ စာလုပ်တဲ့ အလုပ်ပဲ လုပ်ခဲ့တယ်လို့ ဆိုရင်လည်း လွန်မယ် မထင်ပါဘူး။

ဒီနေ့တော့ စာကျက်နည်းလေးနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ စာကျက်တဲ့အခါ ဘယ်လို လုပ်ပြီး ကျက်ရင် ပို ထိရောက်သလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာပါ။

(လူအပေါ်မှာ မူတည်ပြီး ကွာနိုင်ပါတယ်။ ကျွန်မက ကျွန်မ နည်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အားလုံး ဒီလို လုပ်ပါလို့ မဆိုလိုပါဘူး။ ကိုက်ညီသူများ ရှိရင် လက်ခံ လေ့လာနိုင်ပါတယ်။)

လူတိုင်းမှာ စာကျက်နည်း အမျိုးမျိုး ရှိကြပါလိမ့်မယ်။ ကျွန်မမှာလည်း ကျွန်မနည်း၊ ကျွန်မဟန်နဲ့ စာကျက်တဲ့ နည်းတွေ ရှိပါတယ်။

ငယ်ကတည်းက တစ်ဦးတည်းသော သမီး ဖြစ်တာမို့ တစ်ယောက်တည်း နေရတာနဲ့ အလေ့အကျင့် ဖြစ်နေတဲ့ ကျွန်မက နည်းနည်းတော့ ဇီဇာကြောင်ပါတယ်။ ဒါကြောင့် စာကျက်တဲ့ အခါလည်း ဇီဇာကြောင်ပါတယ်။

စကားသံတွေ ဆူနေတဲ့ နေရာ ဘာညာဆို ကျွန်မ လုံးဝ အာရုံစူးစိုက်လို့ မရပါဘူး။ ဒါကြောင့် ကျွန်မ အိမ်သားတွေတောင် ကျွန်မ စာကျက်နေတဲ့ ဘေးကို ဖြတ်သွားဖြတ်လာ လုပ်တာကို မကြိုက်ပါဘူူး။

ကျွန်မတို့ ကိုရီးယားမှာတော့ စာကြည့်တိုက်သွားပြီး စာကျက်မှ စာလုပ်တယ် ထင်ကြသူတွေ(များသောအားဖြင့် လူကြီးတွေဖြစ်တဲ့ ပရော်ဖက်ဆာကြီးတွေ) ရှိပေမယ့် ကျွန်မကတော့ စာအုပ်ငှားချိန်က လွဲလို့ လူတွေ အများကြီး ၀င်လိုက်ထွက်လိုက် လုပ်တဲ့ စာကြည့်တိုက်မှာ လုံးဝ လုံးဝ စာ လုပ်လို့ မရတတ်တဲ့ သူတွေထဲက တစ်ယောက်ပါ။

ကျွန်မနည်း ကျွန်မဟန်နဲ့ စာလုပ်မှကို ဦးနှောက်ထဲကို ၀င်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ သုံးလေးရက်က ကိုရီးယား သတင်းစာ တစ်ခုထဲမှာ “စာကျက်မာစတာ”လို့ ခေါ်တဲ့ စာကျက်အားကောင်းပြီး အရမ်း တော်တဲ့ ကိုရီးယားကျောင်းသားရဲ့ စာကျက်နည်းကို ဖော်ပြထားတာမှာ ကျွန်မရဲ့ စာကျက်နည်းတွေနဲ့ အရမ်း တူနေလို့ အံ့သြမိရပြီး ဒါကို ကလေးတွေကို ပြန်ပြောပြသင့်တယ်ထင်လို့ ဒီ ဆောင်းပါးလေး ရေးပြီး တင်ပေးလိုက်ပါတယ်။

၁။ ဘက်ဂရောင်းကို ရှင်းလင်းပါ။

(သင့်တော်တဲ့ အလင်းရောင်ကို ရွေးပြီး အဓိကကတော့ စာကျက်မယ့် နေရာကို စနစ်တကျ ရှင်းလင်းပါ)လို့ သူက ပြောထားပါတယ်။ ကျွန်မ အရမ်း အံ့သြမိပါတယ်။

ဘာလို့လဲဆိုရင်တော့ ကျွန်မကလည်း စာကျက်တဲ့အခါ စားပွဲပေါ်မှာ ကျွန်မ ကြည့်မယ့် စာအုပ်ကလွဲလို့ ခဲဖျက်လေး တစ်ခုတောင် မထားတတ်လို့ပါပဲ။

စားပွဲမှာ စာအုပ်နဲ့ ကိုယ်ပဲ ရှိမှ စာ ပို ရတတ်လို့ စာကျက်တိုင်း အမြဲ ကျန်တဲ့ အရာတွေကို ရှင်းလင်းထားတတ်ပေမယ့် သူကလည်း အဲဒီလို ဆိုထားပါတယ်။ ဒါမှ ကိုယ့် စာက အာရုံထဲကို ပို ရောက်စေတယ်လို့ ဆိုပါတယ်။

၂။ အကြောင်းအရာ တစ်ခုတည်းကို ဗားရှင်း နှစ်မျိုးနဲ့ ဖတ်ကြည့်ပါ။

(ကိုယ် သိချင်တဲ့ အကြောင်းအရာ တစ်ခုကို စာအုပ် တစ်အုပ်ထဲကနေ မဖတ်ဘဲ တစ်ခြား စာအုပ်မှာ ဘယ်လို ရေးသားထားသလဲကို နှိုင်းယှဉ်ပြီး ဖတ်ကြည့်ပါ)လို့ သူက ပြောထားပါတယ်။

ဒါလည်း ကျွန်မ ငယ်ငယ်ကတည်းက လုပ်နေကြပါပဲ။ ကိုယ် ဖတ်နေတဲ့ အကြောင်းအရာကို တစ်ခြား စာအုပ်မှာ ဘယ်လို ထပ် ရှင်းထားသလဲကို ဖတ်ရင်း အဲဒီ အကြောင်းအရာရဲ့ ရှင်းလင်း ဖော်ပြချက်ကို ပို နားလည်နိုင်စေသလို၊ ကိုယ့်ကို စဉ်းစားတွေးခေါ်နိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိလို့ပါပဲ။

၃။ မသိတဲ့ စကားလုံးကို စိုက်ကြည့်ပြီး ဖတ်ပါ။

(ဖတ်ရင်း ကိုယ် မသိတဲ့ ဝေါဟာရ တစ်ခု ပါလာရင် ကျော်မသွားဘဲ စိုက်ကြည့်ပြီး ဖတ်ပေးပါ)လို့ ပြောထားပါတယ်။ ကျွန်မက ဘာသာစကား လေ့လာတဲ့ သူမို့ ဒါက တော်တော်လေး သက်ဆိုင်တယ်လို့ ဆိုရပါမယ်။

များသောအားဖြင့် ကလေးတွေ စာကျက်တဲ့အခါ ကိုယ် မသိတာ တစ်ခု ပါလာရင် အဲဒီ စကားလုံးကို ကျော်သွားလေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒါ မှားပါတယ်။

ကိုယ် မသိတဲ့ စကားလုံးကို စိုက်ကြည့် ဖတ်ပေးပြီး ဒါက ဘာကို ဆိုလိုတာလဲဆိုတာကို စဉ်းစားကြည့်ခြင်းဖြင့် ဖတ်နေတဲ့ အကြောင်းအရာကို ပိုပြီး သဘောပေါက် နားလည်စေလို့ပဲ ဖြစ်ပါတယ်။ မသိတဲ့ မီးနင်း ပါလာရင် ကျော်မသွားဘဲ အဘိဓာန်မှာ ရှာဖတ်ပြီးမှ စာကို ဆက်ဖတ်ပါ။

၄။ အကြောင်းအရာ တစ်ခုကို မိနစ် ၂၀သာ ဖတ်ပါ။

(ဖတ်နေတဲ့ အကြောင်းအရာ တစ်ခုကို မိနစ် ၂၀ထက် ပို မဖတ်ပါနဲ့)လို့ သူက ပြောထားပါတယ်။ ကျွန်မလည်း အတူတူပါပဲ။ တခါတလေ စာတစ်ပုဒ် ဖတ်တဲ့အခါ နားမလည်တာမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို အခါမျိုးမှာ အချိန် အကြာကြီး ပေးပြီး ကိုယ် မသိတာကြီးကို ဆက်ပြီး ဖတ်ရင်းနဲ့ ဦးနှောက်ကို ပင်ပန်းစေတာထက် မိနစ် ၂၀လောက်ထိပဲ ဖတ်ပြီး မသိရင် နောက် အကြောင်းအရာ တစ်ခုကို ပြောင်း ဖတ်ပြီးမှ ပြန် ဖတ်သင့်ပါတယ်။

မသိတာကို အတင်း ဆက်ဖတ်လေ ဦးနှောက်က ပူလာလေပါပဲ။ ဒါပေမယ့် လက်လျှော့ခိုင်းတာ မဟုတ်ပါဘူး။ နောက် မိနစ် အနည်းငယ် အကြာ တစ်ခြား အကြောင်းအရာကို ဖတ်ပြီးမှ ခုနက ကိုယ် နားမလည်လိုက်တာကို ပြန် ဖတ်ရင် ပိုပြီး နားလည်လာတတ်ပါတယ်။

၅။ သိတာကို ချရေးပါ။

(စာ ဖတ်ရင်း ကိုယ် နားလည်တာကို ချရေးပါ)လို့ သူက ပြောထားပါတယ်။ အတူတူပါပဲ။ ကျွန်မက စာ တစ်ပုဒ် ဖတ်တဲ့အခါ မြန်မာစာပဲ ဖြစ်နေပါစေ နားလည်တဲ့ အကြောင်းအရာကို အကျဉ်းချုပ် စာတိုလေးတွေ၊ ဇယားလေးတွေ၊ ပုံကလေးတွေ ဆွဲပြီး မှတ်စု ထုတ်တတ်ပါတယ်။

အတိုချုပ် မှတ်စု ထုတ်တာဟာ ကိုယ်က ဘယ်လောက် အဲဒီ စာတစ်ပုဒ်ကို နားလည်သလဲဆိုတာကို ပြပေးတဲ့ သက်သေပါပဲ။ မှတ်စုတို ထွက်မလာရင် သေချာပါတယ်။ အဲဒီ စာကို နားမလည်ဘူးလို့ သက်သေပြနေတာပဲ ဖြစ်ပါတယ်။ 

၆။ ကိုယ့် ကိုယ်ပိုင် စာကျက်ရာ နေရာကို ရွေးပါ။

(ကိုယ့်အတွက် သက်သောင့်သက်သာ အရှိဆုံး နေရာကို ရွေးပြီး စာလုပ်ပါ)လို့ သူက ပြောထားပါတယ်။ အပေါ်မှာ ကျွန်မ ပေးထားတဲ့ ဥပမာလိုပဲ။ တစ်ချို့ အသက်ကြီးတဲ့ ပရော်ဖက်ဆာကြီးတွေဆိုရင် စာကြည့်တိုက်မှာ စာ လာလုပ်မှ တကယ် စာလုပ်တဲ့ ကျောင်းသားလို့ ထင်တဲ့ သူတွေ ရှိပါတယ်။

ကျွန်မကတော့ ဆောရီးပါ ဆရာပါပဲ။ ကျွန်မအတွက် စာလုပ်ဖို့ အဆင်အပြေဆုံး နေရာကတော့ ကျွန်မ နေတဲ့ အိမ်ပဲ ဖြစ်ပါတယ်။ ကိုယ် ၀တ်နေကျ အိမ်နေရင်း အဝတ်အစားနဲ့ ကိုယ် ထိုင်နေကျ နေရာမှာ ထိုင်ပြီး စာလုပ်ရတာကသာ ကျွန်မအတွက် သက်သောင့်သက်သာ အရှိဆုံးပဲ ဖြစ်ပါတယ်။

စာကြည့်တိုက် သွားတဲ့အခါ ၀တ်ထားတဲ့ အပြင်ဝတ် အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ၀င်ထွက်သွားလာနေတဲ့ လူတွေက ကျွန်မ စာလုပ်ဖို့အတွက် အကြီးမားဆုံး အနှောင့်အယှက်တွေပါပဲ။ ဒါကြောင့် ကော်ဖီဆိုင်၊ အိမ်၊ ကျောင်း၊ စာကြည့်တိုက် စသဖြင့် ကိုယ် အနှစ်သက်ဆုံး နေရာတစ်ခုမှာ စာလုပ်ကြဖို့က အရေးကြီးပါတယ်။

၇။ တစ်နေ့မှာ စာအုပ် အများကြီးကို ဖတ်ပါ။

(တစ်နေ့ထဲနဲ့ ဗဟုသုတ၊ စာပေ၊ ဘာသာစကား၊ ၀ါသနာ စတဲ့ စာအုပ် ပေါင်းစုံကို ဖတ်ပါ)လို့ သူက ပြောထားပါတယ်။ မှန်ပါတယ်။ တစ်နေ့မှာ စာအုပ် တစ်အုပ်ထဲကို မဖတ်သင့်ပါဘူး။

အာရုံကို အပြောင်းအလဲ ဖြစ်စေအောင် ၀ါသနာအတွက် အရေးပါတဲ့ စာအုပ်၊ ဟာသ၊ ဘာသာစကား စတဲ့ စာအုပ်တွေကို လှည့်ပြီး အစဉ်လိုက် ဖတ်သင့်ပါတယ်။

ကျွန်မဆိုလည်း တစ်နေ့တည်း ကိုရီးယားကျောင်းစာအုပ်၊ ဗဟုသုတစာအုပ်၊ မြန်မာ ဗဟုသုတ စာအုပ်၊ ရုရှား ဖတ်စာအုပ်၊ ဂျပန်နဲ့ တရုတ်စာ စာအုပ် စသဖြင့် အာရုံအပေါ် မူတည်ပြီး အမျိုးမျိုးကို အလှည့်လိုက် ဖတ်လေ့ ရှိပါတယ်။

ကိုယ်က ဒီလို နည်းလေးတွေနဲ့ စာလုပ်လာတဲ့ သူ ဖြစ်ပေမယ့် တစ်ခါမှ အဲဒီလို စာရင်းလေး လုပ်ပြီး မစဉ်းစားကြည့်ဖြစ်ခဲ့ပါဘူး။

အဲဒီနေ့က သတင်းလေးကို ဖတ်ပြီးမှ “ငါ စာလုပ်တာနဲ့ တော်တော် တူပါလား”လို့ တွေးမိပြီး အားလုံးကို ဖော်ပြပေးချင်တဲ့ စေတနာ စိတ်ကလေး ပေါ်လာမိပါတယ်။

စာလုပ်ချင်ပေမယ့် ဘယ်လို နည်းလမ်းနဲ့ လုပ်ရမှန်း မသိဖြစ်နေတဲ့ မောင်၊ ညီမလေးတွေ၊ နောက်ပြီး စာလုပ်နေပေမယ့်လည်း တိုးတက်မှု မရှိဘူးလို့ ခံစားရတဲ့ မောင်ညီမ အစ်ကို အစ်မတို့ အထက်က ပြောတဲ့ အချက်ကလေးတွေကို ဖတ်ကြည့်ပြီး ကိုယ့်အတွက် အဆင်ပြေမယ့် စာကျက်နည်းလေးကို ရှာဖွေပါလို့ တိုက်တွန်းပါရစေ။

ကောင်းမွန် မှန်ကန်တဲ့ နည်းလမ်းနဲ့ စာ များများ ဖတ်၊ စာ များများ ကျက်ပြီး ကိုယ် လေ့လာရာ ဘာသာရပ်မှာ ထူးချွန်ပြောင်မြောက်တဲ့ သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ကျွန်မရဲ့ မှတ်စုတို ထုတ်နည်းလေးလည်း ဓာတ်ပုံနဲ့ တကွ တင်ပေးလိုက်ပါတယ်။

မှတ်ချက်။ ။ အားလုံး ဒီနည်းနဲ့ စာလုပ်ရမယ်လို့ မဆိုလိုပါ။ ကိုယ်နဲ့ ကိုက်ညီမှု ရှိသူတွေ အတုယူ လေ့လာနိုင်ပါတယ်။

မူရင်း စာရေးသူကို ဖော်ပြထားတယ်ဆိုရင် မည်သူမဆို ဒီ ပို့စ်ကို ရှဲနိုင်ပါတယ်။ စာနှင့် မသက်ဆိုင်သော ကွန်မန့်များ ပေးခြင်း သည်းခံပါ။ ကြိုက်နှစ်သက်ရင်တော့ ကွန်မန့်မှာ ပြောခဲ့ပါရှင်။

ချမ်းမြမြသော်

3rd year Ph.D(KHU, Seoul, Korea) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။