ဆောင်းရာသီမှာ လူတိုင်းနီးပါးဖြစ်တတ်တဲ့ ကျန်းမာရေးပြသနာကတော့ နှာစေး၊ နှာပိတ်တာပဲ ဖြစ်ပါတယ်။ တခါတလေမှာ ဆောင်းရာသီ မဟုတ်ရင်တောင် Air Con ခန်းထဲမှာ အချိန်ကြာကြာ နေလာတဲ့ အခါမှာလည်း ဖြစ်တတ်ပါတယ်။ နှာရည်တွေရွှဲ၊ နှာခေါင်းတွေ ပိတ်ရတဲ့ အကြောင်းရင်းကတော့ အေးမြခြောက်သွေ့တဲ့ လေတွေ နှာခေါင်းကတစ်ဆင့် ဝင်လာတာကြောင့်ဖြစ်ပြီး ထိုဝင်လာတဲ့လေတွေ နွေးသွားအောင်နဲ့ ပုံမှန်အစိုဓါတ်ထိန်းနိုင်အောင် နှာအရည်များ ပိုထုတ်လိုက်ရတာကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက် အနေနဲ့က နှာခေါင်းထဲကို ဖုန်တွေ၊ ဗက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ ၀င်လာတဲ့အခါမှာလည်း နှာစေးခြင်း နှာပိတ်ကျခြင်းတို့ ဖြစ်တတ်ပါတယ်။

နှာစေး၊ နှာပိတ်မဖြစ်အောင်နှင့် ဖြစ်ခဲ့ရင်လည်း သက်သာပျောက်ကင်းအောင် ကာကွယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အေးတဲ့နေရာမှာ နေရတဲ့အခါ နှာခေါင်းကို အဝတ်နွေးနွေးနဲ့ ဖုံးထားပေးပါ။

အေးမြခြောက်သွေ့တဲ့လေတွေ နှာခေါင်းအတွင်းကို တိုက်ရိုက်မရောက်စေရန် သိုးမွှေးလည်ပတ်ပုဝါလေးကို နှာခေါင်းစည်း သဘောဖြင့် ပတ်ထားပေးပါ။ ညဘက်အိပ်ရင်လည်း အနွေးထည် သို့မဟုတ် စောင်ကို နှာခေါင်းအထိ ဖုံးပြီးအိပ်ပေးပါ။

(၂) နှာခေါင်းအတွင်းအစိုဓါတ် အတွက် နှာအစက်ချဆေးရည် (saline drop) သုံးပါ။

ဒီအစက်ချနည်းလမ်းဟာ နှာခေါင်းလမ်းကြောင်းကို အစိုဓါတ်ထိန်းပေးပြီး နှာပိတ်တာကို သက်သာစေပါတယ်။

(၃) နှာခေါင်းပိတ်သက်သာစေသော နှာခေါင်းတွင်းဖြန်းဆေး (Nasal Spray) သုံးပါ။

ဒီနည်းလမ်းကိုတော့ နေ့တိုင်းမသုံးသင့်ပါဘူး။ နှာခေါင်းပိတ်တာ ချက်ချင်းသက်သာချင်တဲ့ အခြေအနေမျိုးတွေမှာတော့ အသုံးပြုနိုင်ပါတယ်။ ဒီဆေးက နှာရည်ထွက်လာတာကို ထိန်းပေးတဲ့အတွက် သတိထားရတာက အာနိသင်ကုန်သွားတဲ့အခါမျိုးမှာ ထိန်းထားတဲ့နှာရည်တွေ ပိုထွက်လာတတ်ပါတယ်။

(၄) Pseudoephedrine ပါ၀င်သော သောက်ဆေး သုံးပါ။

ဒီဆေးကလည်း နေ့တိုင်းသုံးဖို့မသင့်တော်ပါဘူး။ နှာခေါင်းပိတ်တာ ချက်ချင်းသက်သာချင်တဲ့အချိန်မျိုးမှာ သောက်ပေးလို့ရပါတယ်။ သောက်ဆေးနဲ့ ဖြန်းဆေးလည်း တွဲဖက်မသုံးသင့်ပါ။

(၅) နှာရည်စိုရွှဲအတွက် Anti-Histamine သောက်ပါ။

ဒီဆေးတွေကတော့ အိပ်ချင်စိတ်ကိုဖြစ်စေတတ်တဲ့အတွက် ညမအိပ်ခင်သောက်တာ အသင့်တော်ဆုံးပါ။  

(၆) နှာပိတ်စေသော အကြောင်းအရင်းများကို ရှာဖွေပါ။

ဆောင်းရာသီရဲ့ အေးမြခြောက်သွေ့တဲ့လေကြောင့် နှာပိတ်တာမဟုတ်ပဲ တစ်ခြားအကြောင်းရင်းကြောင့် ဥပမာ ဖုန်၊ အမှုန့်၊ ပန်းဝတ်မှုန်များနဲ့ ဖျားနာခြင်း ကြောင့်ဆိုရင်တော့ ဖြစ်လာတဲ့ အကြောင်းရင်းတွေကို ရှောင်ကြဉ်ခြင်း၊ ကုသခြင်းတို့ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ရေနွေးလေးနဲ့ ရေချိုးလိုက်ခြင်းကလည်း နှာပိတ်တာကို သက်သာစေပါတယ်။ သတိထားရမှာက နှာပိတ်လာပြီဆို ပါးစပ်နဲ့အသက်ရှုခြင်းကို တတ်နိုင်သလောက်ရှောင်ကြဉ်ပေးရပါမယ်။ ပါးစပ်နဲ့အသက်ရှုလျှင် လေထဲမှာပါလာတဲ့ ဗက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေက တိုက်ရိုက်ဝင်ရောက်လာနိုင်ပြီး ဖျားနာခြင်း၊ လည်ချောင်းနာခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပြီး အထက်ပါနည်းလမ်းများအတိုင်း နှာစေး၊ နှာပိတ်ခြင်းကို ကာကွယ်နိုင်တာမို့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော်။

သတင်းအရင်းအမြစ် - ဒေါက်တာကောင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။