ယွန်းယွန်း၊ ရွှေမှုန်ရတီနဲ့ ယွန်းဝတီလွင်မိုးတို့ရဲ့ ကွာခြားချက်ကဘာဖြစ်မလဲ။ ဆယ်ကျော်သက်အနုပညာရှင်လို့ဆိုတာနဲ့ နောင်တစ်ချိန် မြန်မာအနုပညာလောကမှာ မင်းသမီးဇာတ်ရုပ်နေရာမှာ နေရာယူလာတော့မယ့် သူတို့သုံးယောက်ရဲ့ ထူးခြားချက်တွေက အသီးသီးပါပဲ။ 

ပထမဆုံးတစ်ယောက်ကတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေအားပေးပြီး ချစ်ခင်ရတဲ့ ကလေးသရုပ်ဆောင်အနေနဲ့လဲ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားတဲ့ ယွန်းယွန်းလေးပဲဖြစ်ပါတယ်။ 

မကြာသေးခင်ကပဲ ဆယ်တန်းအောင်ခဲ့ပြီး အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့ ယွန်းယွန်းဟာ ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်ကူးဖို့ ယုံကြည်မှုမရှိသေးဘူးလို့ဆိုခဲ့ပါတယ်။ အကြောင်းကတော့ ပရိသတ်တွေက သူမကိုကလေးသရုပ်ဆောင်အနေကနေ ရုတ်တရက်အမြင်ပြောင်းသွားမှာစိုးလို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သရုပ်ဆောင်တဲ့နေရာမှာ နဂိုထူးချွန်ပြီးသားဖြစ်တဲ့ ယွန်းယွန်းလေးကို ပရိသတ်တွေက ရုပ်ရှင်တွေမှာ ဆက်လက်ပါဝင်လာဖို့ မျှော်လင့်လျက်ရှိပါတယ်။

နောက်တစ်ယောက်ကတော့ ထိပ်တန်းမင်းသမီးတွေထဲမှာ စာရင်းဝင်လာပြီဖြစ်တဲ့ ရွှေမှုန်ရတီပါ။ ရွှေမှုန်ရတီဟာ မျက်နှာသစ်တွေကို မြေတောင်မြှောက်ပေးတဲ့ အနုပညာအစီအစဉ်တစ်ခုကနေရွေးချယ်ခံခဲ့ရတာဖြစ်ပြီး မျက်လုံးကလေး ကလည်ကလည်လို့ ဝေဖန်မှုတွေခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားကနေ လူသိများလာခဲ့တာဖြစ်ပါတယ်။

ရွှေမှုန်ရတီဟာ လက်ရှိမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ လက်ခံရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေလဲရှိသလို အနုပညာသက်တမ်းအနည်းငယ်အတွင်းမှာ ရုပ်ရှင်ကားပေါင်းမြောက်မြားစွာကို ရိုက်ကူးခဲ့ပြီဖြစ်ပါတယ်။ အနုပညာအလုပ်ကြောင့် ပညာရေးကိုရပ်ဆိုင်းထားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ မဖြေဆိုနိုင်သေးတဲ့သူမဟာ ယခုနောက်ပိုင်းမှာ ဖက်ရှင်ပိုကျလာပြီး ပိုပြီးလှလာသလို ပရိသတ်တွေရဲ့အားပေးမှုကိုလဲ ပိုမိုရရှိလာပါတော့တယ်။

နောက်ဆုံးကတော့ နိုင်ငံကျော်မင်းသားကြီး လွင်မိုးရဲ့ သမီးအကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေနည်းပါးပေမယ့် အဖေနဲ့အမေဖြစ်သူတို့ ပေါင်းစပ်ထားတဲ့ ချောမောပြီးအပြစ်ကင်းတဲ့ ရုပ်ရည်လေးကြောင့်ကော၊ အနေအထိုင်အေးဆေးတာကြောင့်ပါ ပရိသတ်တွေက သူမကိုချစ်ကြပါတယ်။

ယွန်းဝတီလွင်မိုးဟာ အနုပညာအလုပ်ထက် ပညာရေးကိုသာဦးစားပေးပြီး နိုင်ငံခြားမှာကျောင်းသွားတက်မယ်လို့လဲ ဆိုထားပါတယ်။ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ကို မိဘနှစ်ပါးဖြစ်သူနဲ့ တိုင်ပင်သွားမယ်လို့ဆိုထားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အဖေဖြစ်သူ လွင်မိုးနည်းတူ ယွန်းဝတီလဲ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်လျက်ရှိပါတယ်။

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။