တရုတ်အစိုးရက အခုလတ်တလော မြန်မာနယ်စပ်အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မိမိတို့နိုင်ငံကို မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေ ၃ဝဝဝ ကျော်ရှိနေပြီလို့ အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Gen Shuang ဂင်န်ရှောင်က အဲဒီ ထွက်ပြေးခိုလှုံလာသူတွေကို လူသားချင်းစာနာမှုအရ သက်ဆိုင်ရာ ယူနန်ပြည်နယ် အာဏာပိုင်တွေက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ဒဏ်ရာရသူတွေကိုလည်း ဆေးရုံတင်ကုသပေးထားပါတယ်လို့ ဘေဂျင်းမြို့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် တရုတ်အစိုးရပြောခွင့်ရှိသူက အခုဖြစ်ပွားနေတဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ပဋိပက္ခကို ပိုမိုကျယ်ပျံ့လာခြင်းမရှိအောင် ပစ်ခတ်မှုတွေကို နှစ်ဘက်လုံးက ချက်ခြင်းရပ်စဲပြီး နယ်ခြားဒေသ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် ထိထိရောက်ရောက် ဆောင်ရွက်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မိမိတို့ တရုတ်ပြည်က အပြုသဘောကဏ္ဏကနေ ဆက်လက်ပါဝင်ကူညီလိုပါတယ်လို့ တရုတ်အရာရှိက ပြောဆိုကြောင်းလည်း ဘေဂျင်းကလာတဲ့ AFP နဲ့ ရိုက်တာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

( တရုတ်ပြည်ဘက်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ် )

Source: RFA Burmese

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။