ယခုတလောမှာတော့ ကလေးငယ်စွန့်ပစ်မှုဖြစ်စဉ်များ တစ်စထက်တစ်စများပြားလာတာကို တွေ့ရှိနေရပါတယ်။ ယခုအခါတွင်လည်း ရန်ကုန်မြို့ရှိနောက်ဖေးလမ်းကြားတစ်ခုတွင် မွေးကင်းစကလေးတစ်ဦးကိုတွေ့ရှိခဲ့ပါတယ်။ ရန်ကုန်မြို့လယ်ကောင်မှာ နောက်ဖေးလမ်းကြားထဲကို ပစ်ထားတဲ့ မွေးကင်းစ ကလေးတယောက်အား ဒီဇင်ဘာလ ၁၁ရက်နေ့ကကတွေ့ရှိလို့ ဆေးရုံကို ပို့ထားတယ်လို့ ကောက်ရခဲ့သူတွေကပြောကြားခဲ့ပါတယ်။ အဆိုပါ ကလေးငယ်ကို လသာမြို့နယ်၊ ၁၇ လမ်းနဲ့ ၁၈ လမ်းကြားမှာတွေ့ရှိခဲ့တာပါ။

ထိုနေ့က ညနေ ၄ နာရီလောက်မှာ ကလေးငိုသံကြားလို့ သွားကြည့်ရာက တွေ့ခဲ့တာလို့ ကောက်ယူခဲ့သူ တယောက်ဖြစ်တဲ့ ဒေါ်နုနုကပြောခဲ့ပါတယ်။ “အိမ်ဖော်လေးတွေက နောက်ဖေးမှာ ကလေးငိုသံကြားလို့ သွားကြည့်တော့ လမ်းကြားထဲမှာ ဖြစ်နေတယ်။ ကလေးက ချက်ကြိုးတောင် မထုံးထားသေးဘူး။ အနှီးနဲ့လည်း ပတ်မထားဘူး။ ကလေးရဲ့ နှာခေါင်းမှာ ဓားဒဏ်ရာလိုမျိုး သွေးထွက်နေတယ်” ဟု ဒေါ်နုနုကပြောခဲ့ပါတယ်။ အဆိုပါကလေးကို လသာမြို့နယ်၊ အန်အယ်လ်ဒီ အလုပ်အမှုအဆောင်နဲ့အတူ၊ ရဲတွေ၊ တာဝန်ရှိသူတွေက ကလေးဆေးရုံကြီးကို သွားပို့ပေးခဲ့ကြောင်း သိရှိရပါတယ်။ 

လသာမြို့နယ်၊ အန်အယ်လ်ဒီ အလုပ်အမှုအဆောင် ဦးကြိုလှိုင်က “ဒီလမ်းကြားက အပြင်ကနေဝင်ဖို့ ဘယ်လိုမှ မလွယ်ဘူး။ မနေ့ကတော့ ရဲတော်တော်များများ ရောက်လာပြီး အနားက အိမ်တွေကို ဝင်ပြီး စစ်ဆေးတယ်။ ဘာမှတော့ မထူးပါဘူး” လို့ ပြောပါတယ်။ကလေးက ကျန်းမာနေတယ်လို့လည်း သူက ပြောပါတယ်။ လောလောဆယ်မှာတော့ ကလေးကို ဆေးရုံကပဲ စောင့်ရှောက်ထားမှာ ဖြစ်ပြီး စွန့်ပစ်ကလေးတွေနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆက်လုပ်မယ်လို့ဆိုပါတယ်။စွန့်ပစ်ခံကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ ဒဂုံဆိပ်ကမ်းက ကိုဖိုးဇော်က “တပတ်မှာ ကလေးတယောက်လောက် တိုးနေတယ်။ ကျနော်တို့ကို အကြောင်းကြားရင် သွားယူရတာပေါ့။ အခုကတော့ မွေးကင်းစ ကလေးတွေချည်းပဲ ၃၆ ယောက် ရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကလေးတယောက်ကို မွေးဖွားပြီးနောက် စွန့်ပစ်ရင် ရာဇသတ်ကြီးဥပဒေအရ ထောင်ဒဏ် ရ နှစ်နှင့် သေစေဖို့ အကြံနဲ့ ဆောင်ရွက်ခဲ့တယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ သတ်မှတ်ထားကြောင်း သိရှိရပါတယ်။

Source – DvB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။